ကမ္ဘောဒီးယားရှိ Ream ရေတပ်အခြေစိုက်စခန်းတွင် တရုတ်၏ လုပ်ဆောင်ရွက်မှုများအပေါ် စိုးရိမ်ကြောင်း အမေရိကန် ထုတ်ဖော်ပြောကြား

ကမ္ဘောဒီးယားရှိ Ream ရေတပ်အခြေစိုက်စခန်းတွင် တရုတ်၏ လုပ်ဆောင်ရွက်မှုများအပေါ် စိုးရိမ်ကြောင်း အမေရိကန် ထုတ်ဖော်ပြောကြား

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၁၂ရက်က အာဆီယံဥက္ကဋ္ဌလည်းဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံခဲ့ရာတွင် ကမ္ဘောဒီးယား Ream ရေတပ်အခြေစိုက်စခန်း၌ တရုတ်၏ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

"သမ္မတက Ream ရေတပ်စခန်း၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး Ream ရေတပ်စခန်းတွင် တရုတ်စစ်တပ်၏ လုပ်ဆောင်ချက်များကို ပွင့်လင်းမြင်သာမှုအပြည့်အဝရှိရေး အလေး ပေးပြောကြားခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် တွေ့ဆုံခဲ့သည့် အမေရိကန်သမ္မတက ကုလသမဂ္ဂတွင် ယူကရိန်းကို ပံ့ပိုးပေးသည့်အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည့်အပြင် စစ်တပ်အုပ်ချုပ်နေ သည့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားအနေဖြင့် စိန်ခေါ်မှုများရှိနေသည့်နှစ်များအတွင်း အာဆီယံကို ဦးဆောင်ခဲ့သည့်အပေါ် အသိအမှတ်ပြုကြောင်းလည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအကျပ်အတည်းနှင့် အာဆီယံ၏ ဆောင်ရွက်ချက်များကိုလည်း ဆွေးနွေးခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီနှင့် တည်ငြိမ်မှု ပြန်လည်ရောက်ရှိရေး ကြိုးပမ်းရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် နေသလို အာဆီယံဘောတူညီချက် ၅ ရပ်ကို ထောက်ခံအားပေးရန်လည်း အရေးကြီးသည်” ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အမေရိကန်-ကမ္ဘောဒီးယားနိုင်ငံသား ဆန်သီအိုရီအပါအဝင် နိုင်ငံရေးလှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံထားရသော တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးရန်လည်း ဘိုင်ဒင်က တောင်းဆိုခဲ့သည်။ကမ္ဘောဒီးယားပြည်သူများအပေါ် အမေရိကန်၏ ကတိကဝတ်များနှင့် ပိုမိုသာယာဝပြောပြီး ဒီမိုကရေစီနှင့် လွတ်လပ်သောနိုင်ငံတစ်ခုအတွက် ၎င်းတို့၏ဆန္ဒများကို ဖြည့်ဆည်းပေးရေးကို သမ္မတဘိုင်ဒင်က ထပ်မံ အတည်ပြုခဲ့သည်။

ကမ္ဘောဒီးယားသို့ မလာရောက်မီတွင် အမေရိကန်သမ္မတသည် CoP27 အစည်းအဝေးတက်ရောက်ရန် အီဂျစ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ယခင်သမ္မတဟောင်းထရမ့်လက်ထက်က ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ ပါရီ သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်မှုအတွက် တောင်းပန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required