ထိုင်ဝမ်အပေါ် တရုတ်အနိုင်ကျင့်မှုကို အမေရိကန်သမ္မတ ကန့်ကွက်

By Taipei Times
15 November 2022
ထိုင်ဝမ်အပေါ် တရုတ်အနိုင်ကျင့်မှုကို အမေရိကန်သမ္မတ ကန့်ကွက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင် တတိယသက်တမ်းရယူပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် ထိုင်ဝမ်အပေါ် တရုတ်၏ အကျပ်ကိုင် ရန်လိုသော လုပ်ရပ်များ တိုးလာမှုအပေါ် နိုဝင်ဘာ ၁၄ ရက်က ကန့်ကွက်ပြောဆိုလိုက်ပြီး ရှင်ကျန်း၊ တိဗက်နှင့်ဟောင်ကောင်တို့တွင် တရုတ်၏ ပြုမူဆက်ဆံပုံများ ဆိုင်ရာ လူ့အခွင့်အရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဆာဗီယာချန်းက ထိုင်ဝမ်ရေလက်ကြား လက်ရှိအနေအထားကို တစ်ဖက် သတ်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး အမေရိကန်က ဆန့်ကျင်ကြောင်း ဘိုင်ဒင်က ထပ်လောင်း ပြောဆိုသည်ကို တွေ့ရသည့်အတွက် ထိုင်ဝမ်အနေဖြင့် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် စိတ်တူကိုယ်တူနိုင်ငံများနှင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆာဗီယာက ဆိုသည်။

ဘိုင်ဒင်နှင့်ရှီက နျူကလီးယားစစ်ပွဲကို မဆင်နွှဲသင့်ကြောင်းနှင့် အောင်ပွဲဆင်နိုင်လိမ့်မည်မဟုတ်ကြောင်း သဘောတူညီခဲ့သလို ယူကရိန်းစစ်ပွဲတွင် နျူကလီးယားလက်နက် အသုံးပြုမှု သို့မဟုတ် အသုံးပြု မည့်ခြိမ်းခြောက်မှုကို ဆန့်ကျင်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

ရှီက ဘိုင်ဒင်အနေဖြင့် မှန်ကန်သောလမ်းစဉ်ကို ရေးဆွဲရန်နှင့် တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးကို မြှင့်တင်ရန် တောင်းဆိုခဲ့သည်။

ဘိုင်ဒင်နှင့် ပွင့်လင်း လေးနက်သောအမြင်များဖလှယ်ရန် အသင့်ဖြစ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ ဆွေးနွေးပွဲနှင့်ပတ်သက်သည့် မှတ်တမ်းအရ ရှီက ထိုင်ဝမ်ပြဿနာသည် တရုတ်၏အဓိက အကျိုးစီးပွားအတွက် အခရာကျသလို တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ပထမမျဉ်းနီကို မဖြတ်ကျော်ရဟု အလေးထားပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ရှီနှင့်တွေ့ဆုံမှုအတွင်း တရုတ်၏စီးပွားရေးအစဉ်အလာများသည် အမေရိကန်အလုပ်သမားများနှင့် မိသားစုများနှင့် ကမ္ဘာတစ်ဝန်းရှိ အလုပ်သများနှင့် မိသားစုများကို အန္တရာယ်ဖြစ်စေကြောင်း ပြောခဲ့သည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required