တရုတ်က စစ်ပွဲအတွက်အသင့်ပြင်နေ

တရုတ်က စစ်ပွဲအတွက်အသင့်ပြင်နေ

တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိုင်ဝမ်နှင့်ဆက်ဆံရေးတင်းမာနေချိန်တွင် ဖြစ်နိုင်ခြေရှိသော စစ်ပွဲ အတွက်ပြင်ဆင်ရေးလေ့ကျင့်ပေးရန် စစ်တပ်အားမှာညွှန်ကြားမှုသည် စစ်ပွဲအတွက်ပြင်ဆင်မှုနှင့် ၎င်းစစ်တပ်အား ကြွားလုံးထုတ်မှုအဖြစ် ရှုမြင်နိုင်သလို တရုတ်ကွန်မြူနစ်ပါတီ၏ အားနည်းချက်ကိုလည်း ပြသရာရောက်ကြောင်း ဝေဖန်သူများကို ကိုးကား၍ The Singapore Post ကဖော်ပြသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံလုံခြုံရေးမတည်ငြိမ်ကာ မရေရာမှုများ တိုးလာသောကြောင့် တရုတ်သည် စစ်ရေးလေ့ကျင့်မှုကို အားကောင်းအောင်လုပ်ကာ မည်သည့်စစ်ပွဲအတွက်မဆို အသင့်ပြင်ထားမည်ဟု နိုဝင်ဘာ ၈ ရက်က ပြောကြားခဲ့သည်။

တရုတ်သမ္မတက ပေကျင်းမြို့ရှိ ဗဟိုစစ်ကော်မရှင်၏ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဗဟိုသို့ ရောက်ရှိစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း Sky News Australia သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ယခုအချိန်တွင်

စစ်ရေးလေ့ကျင့်မှုနှင့် မည်သည့်စစ်ပွဲအတွက်မဆို ကြိုတင်ပြင်ဆင်မှု အလုံးစုံ အားကောင်းအောင် လုပ်ဆောင်မည်ဟု ရှီကပြောကြောင်း CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

စစ်တပ်တစ်တပ်လုံးသည် တိုက်ခိုက်ရေးအသင့်ဖြစ်မှုအတွက် စွမ်းအင်အားလုံးရင်းနှီးမြှုပ်နှံသင့်ကာ တာဝန်ထမ်းဆောင်သင့်ကြောင်းနှင့် အနိုင်တိုက်နိုင်ရေးအတွက် စွမ်းဆောင်ရည် တိုးမြှင့်သင့်ကြောင်း ရှီ၏ ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ရှီက အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီညီလာခံ၏ လမ်းညွှန်မူများကို စေ့စေ့စပ်စပ် လေ့လာ၊ ထုတ်ပြန်ရန်နှင့် အကောင်အထည်ဖော်ရန် နိုင်ငံတော်ကာကွယ်ရေးနှင့် စစ်တပ် ခေတ်မီတိုးတက်စေရေးလုပ်ဆောင်ရန် စစ်တပ် အား ညွှန်ကြားထားသည်။

အောက်တိုဘာလအစောပိုင်းကလည်း တရုတ် ရှန်ကျန်းပြည်နယ်မှ ဒေသခံများကို အစားအသောက်နှင့် ရေကဲ့သို့သော အရေးပေါ် ရိက္ခာများကို ၃ ရက်စာ ပြင်ဆင်ထားရန်နှင့် မီးသတ်စောင်များ ဆောင်ထားကြရန် ညွှန်ကြားခဲ့သည်။ ရှီကျင့်ဖျင်သည် ရှန်ကျန်းမြို့နှင့် ကွမ်တုန်းပြည်နယ်မှ မိုင် ၂၂၀ ခန့်အကွာရှိ ချောင်ကျိုးတွင် တပ်စွဲထားသော ရေတပ် တပ်ဖွဲ့ဝင်များထံသို့လည်း သွားရောက်ကာ အတွေးအခေါ်နှင့် စွမ်းအင်အားလုံးကို စစ်ပွဲပြင်ဆင်ရေးအတွက် အသုံးချရန် မှာကြားသည်။ ရှန်ကျန်းနှင့် ချောင်ကျိုးမြို့တို့သည် ထိုင်ဝမ်၏ အနောက်ဘက်တွင် တည်ရှိသည်။

ရှီကျင့်ဖျင်၏ လှည့်ပတ်စစ်ဆေးမှုသည် နှစ်ပတ်လည် လေကြောင်းပြပွဲပြုလုပ်သည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ လေကြောင်းပြပွဲသည် အဆင့်မြင့်ဆုံး တိုက်လေယာဉ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပြသခဲ့ပြီး အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားရန် ဒီဇိုင်းထုတ်ထားသည့် အသံထက်မြန်သည့် ဒုံးကျည် အသစ်ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly