အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရှီကျင့်ဖျင်နှင့် တိဗက်ဒေသလူ့အခွင့်အရေးပြဿနာများကို ဆွေးနွေး

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရှီကျင့်ဖျင်နှင့် တိဗက်ဒေသလူ့အခွင့်အရေးပြဿနာများကို ဆွေးနွေး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျီ-၂၀ ထိပ်သီးအစည်းဝေးမတိုင်မီ နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် တိဗက်ရှိ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့သ လို ရှင်ကျန်းနှင့် ဟောင်ကောင်တို့တွင် တရုတ်၏ လုပ်ရပ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ထိုင်ဝမ်အပေါ် တရုတ်၏ အကျပ်ကိုင် ရန်လိုသောလုပ်ရပ်များတိုးမြှင့်လာခြင်းကို အမေရိကန်က ကန့်ကွက်ကြောင်းလည်း သမ္မတဘိုင်ဒင်က ပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ရှင်ကျန်း၊ တိဗက်နဲ့ ဟောင်ကောင်တို့မှာ တရုတ်ရဲ့ လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒင်က စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် သဘောထားမပြောင်းလဲကြောင်း၊ တစ်ဖက်ဖက်က အခြေအနေကို တစ်ဖက်သတ်ပြောင်းလဲမှုကို အမေရိကန်က ဆန့်ကျင်ကြောင်းနဲ့ ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနဲ့လုံခြုံရေးထိန်းသိမ်းမှုကို ကမ္ဘာ့နိုင်ငံတွေက စိတ်ဝင်စားကြောင်းပြောကြားခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

"ထိုင်ဝမ်ရေလက်ကြားနှင့် ပိုမိုကျယ်ပြန့်သော ဒေသတွင်းရှိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် ထိုင်ဝမ်အပေါ် တရုတ်၏ အကျပ်ကိုင် ပြင်းထန်သော လုပ်ရပ်များကိုလည်း အမေရိကန်က ကန့်ကွက်ကြောင်း ဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့သည်" ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မှားယွင်းစွာ ထိန်းသိမ်းခံထားရသော သို့မဟုတ် တရုတ်နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ခံရသော အမေရိကန် နိုင်ငံသားများ၏ ကိစ္စရပ်များကို ဖြေရှင်းရန်မှာ မိမိတို့အတွက် ဦးစားပေးကိစ္စဖြစ်ကြောင်း ဘိုင်ဒင်က အလေးပေး ပြောကြားခဲ့သည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးသည် ပြဿနာအမျိုးမျိုးအတွက် သက်ဆိုင်ရာ ဦးစားပေးကိစ္စများနှင့် ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

သမ္မတဘိုင်ဒင်က နိုင်ငံတွင်း၌ အကျိုးရှိသည့် ရင်းမြစ်များတွင် ရင်းနှီးမြုပ်နှံခြင်းနှင့် ကမ္ဘာတစ်ဝန်းရှိ မဟာမိတ်များ မိတ်ဖက်များနှင့် ညှိုနှိုင်းလုပ်ဆောင်မှုများ အပါအဝင် အမေရိကန်သည် တရုတ်နိုင်ငံနှင့်

အပြင်းအထန် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ပြိုင်ဆိုင်မှုသည် ပဋိပက္ခအဖြစ်သို့ ဦးတည်ချက်မပြောင်းလဲသင့်ကြောင်းနှင့် အမေရိကန်နှင့် တရုတ်တို့သည် ပြိုင်ဆိုင်မှုကို တာဝန်သိစွာ စီမံခန့်ခွဲရမည်ဖြစ်ကာ ပွင့်လင်းသော ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်း ထားရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်မှု၊ ကြွေးမြီလျှော့ချမှု၊ ကျန်းမာရေးဖူလုံမှုနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုတို့အပါအဝင် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကဲ့သို့သော နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ယင်းကို ကမ္ဘာ့နိုင်ငံများကလည်း မျှော်လင့် နေကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်က အလေးပေးပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required