အင်န်အယ်လ်ဒီ သမ္မတသစ် ဘယ်သူလဲ

အင်န်အယ်လ်ဒီ သမ္မတသစ် ဘယ်သူလဲ

မတ် ၁၀ တွင် သမ္မတသစ်ရွေးချယ်ပွဲကို လွှတ်တော်တွင် စတင်တော့မည်။ လာမည့်သီတင်းပတ်အတွင်း သမ္မတသစ်ကို မြန်မာပြည်သူများ တွေ့မြင်ရတော့မည်။ ယင်းသမ္မတသစ်သည် အင်န်အယ်လ်ဒီ သမ္မတသစ်လည်း ဖြစ်ပေလိမ့်မည်။ အင်န်အယ်လ်ဒီ သမ္မတသစ်သည် လူထု သမ္မတသစ် ဖြစ်လာလိမ့်မည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း လူထုသမ္မတ စစ်စစ်တဦးကို အင်န်အယ်လ်ဒီ လွှတ်တော်မှတဆင့် တင်မြှောက်နိုင်တော့မည် ဖြစ်သည်။

၁၉၄၈ ဇန်နဝါရီ ၄၊ ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမ္မတများ ရှိခဲ့သော်လည်း ယင်းသမ္မတများသည် ဂုဏ်ထူးဆောင်သမ္မတများသာ ဖြစ်သည်၊ အမှန်တကယ် အာဏာပါဝါ မရှိကြပါ။ ထို့နောက်တွင် ဗိုလ်ချုပ်နေဝင်းသည် သမ္မတ ဖြစ်လာခဲ့သည်၊ ဒေါက်တာ မောင်မောင်မှလွဲလျှင် သမ္မတများသည် စစ်ဗိုလ်များသာဖြစ်ခဲ့ပြီး၊ တကယ့် လူထုသမ္မတများ မဖြစ်ခဲ့ပါ။ ဒေါက်တာ မောင်မောင်သည်လည်း ဗိုလ်ချုပ်နေဝင်း၏ တပည့်သာ ဖြစ်နေလေရော တကယ့်သြဇာ အာဏာရှိပြီး ပြည်သူ့ကို သစ္စာခံသည့် သမ္မတများကို မြန်မာပြည်သူများ မတွေ့မမြင်ရသေးပေ။

ပြည်သူများသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် သြဇာရှိသော လူထုသမ္မတဖြစ်စေလိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုပါတီ အင်န်အယ်လ်ဒီ ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ အင်န်အယ်လ်ဒီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်ခဲ့သည်။ ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီနောက် တွင် နှစ်ပေါင်းများစွာ မသွေမကွာ၊ တသားတည်းရပ်တည် ထောက်ခံလျှက်ရှိသည်။ အင်န်အယ်လ်ဒီ သည် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပြည်သူ့ ပါတီဟု ပြော၍ ရလောက်သည်။

ပြည်သူတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်သော်လည်း ပြည်သူလူထု မလိုလား၊ လက်မခံဘဲ စစ်အာဏာရှင်များ စိတ်ကြိုက် အချိန်ယူ ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (ခေါ်) နာဂစ်ဖွဲ့စည်းပုံက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထား သည်။ ယင်းနာဂစ် ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မပေးပါ။ တပြည်လုံးရှိ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သော်လည်း စစ်အာဏာရှင်များ နှင့် ၎င်းတို့၏ မျိုးဆက်သစ်များက လက်မခံသော် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ မဖြစ်နိုင်ပါ။

သို့သော် ပြည်သူများ၏ သဘောထားဆန္ဒသည် ရှင်းလင်းပြတ်သားပြီးဖြစ်ရာ ဒေါ်အောင်ဆန်း စုကြည် သမ္မတ မဖြစ်သည့်တိုင် အင်န်အယ်လ်ဒီသည် သမ္မတ ဖြစ်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစု ကြည် စိတ်ကြိုက်ဖြစ်မည့် ပုဂ္ဂိုလ်တဦးဦးသည် မြန်မာနိုင်ငံ၏ သမ္မတသစ် ဖြစ်လာလိမ့်မည်။ အမှန်တကယ်တော့ သြဇာအာဏာပြည့်ဝပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ လေးစား တန်ဖိုးထားရသော ပညာပြည့်ဝ ခန့်ညားတည်ကြည်သည့် အမျိုးသားခေါင်းဆောင် အဆင့်အတန်းရှိ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က စီမံကွပ်ကဲမည့် သူတဦးဦးသည် အင်န်အယ်လ်ဒီ သမ္မတသစ်အဖြစ် ထွက်ပေါ်လာချေတော့မည်။

ယင်းအင်န်အယ်လ်ဒီ သမ္မတသစ်သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်မီစပ်ကြား သမ္မတ တာဝန်ယူရမည့်သူ ဖြစ်သည်။ ယင်းသမ္မတသစ် မည်သူဖြစ်နိုင်သည်ကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပြီး အင်န်အယ်လ်ဒီ တောင်ပြိုကမ်းပြို နိုင်ပြီးကတည်းက အမျိုးမျိုး ခန့်မှန်းနေခဲ့ကြ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးအပါးက လူယုံများကို ခန့်မှန်းကြသလို အင်န်အယ်လ်ဒီ နာယ ကဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို မှန်းဆခဲ့ဖူးသည်။ အင်န်အယ်လ်ဒီ သမ္မတသစ်သည် နိုင်ငံ့ဂုဏ်သိက္ခာလည်း ဖြစ်သည်။ နိုင်ငံ့ပြယုဂ်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်သော်လည်း ယခုတော့ ပြည်သူများသည် အင်န်အယ်လ်ဒီ သမ္မတသစ်တဦးကို မျှော်ရတော့မည်။ ယင်းသမ္မတသစ်သည် လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်လောက် လူထုထောက်ခံမှုနှင့် လေးစားခန့်ညားရ မှုတို့ကို ရနိုင်မည် မဟုတ်ပါ။ သို့တိုင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ် အင်န်အယ်လ်ဒီ ဦးဝင်းမြင့် တကြိမ်က မီဒီယာတခုတွင် ပြောခဲ့ဖူးသကဲ့သို့ "လင်းတလောက်တော့ ငှက်တိုင်းလှသည်" အဆိုအ တိုင်းပင် ရှေးရှေးက သမ္မတများထက်မူ မနှိုင်းသာအောင် သာလွန်ကောင်းမွန်၍ စစ်ဗိုလ်ချုပ်ကြီးများ အလေးပြု ရမည့် လူထုကိုမျက်နှာမူသော သမ္မတ ဖြစ်လေလိမ့်မည်ဟု မဇ္ဈိမက ယုံကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags