ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများစုပေါင်းပြီး ရန်ပုံငွေ ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည်

By ကိုရွှေမြိတ်
15 November 2022
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများစုပေါင်းပြီး ရန်ပုံငွေ ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည်

November 15

မဇ္ဈိမ။ ။ထိုင်းနိုင်ငံ စူလတ်မြို့၌ လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား များစုပေါင်းပြီး လူသာချင်းစာနာထောက်ထားကူညီရေးအတွက်ရည်ရွယ်ကာ ရန်ပုံငွေဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းတိုင်းလူငယ်ကွန်ရက်မှ သိရသည်။

အဆိုပါ ရန်ပုံငွေဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ စူလတ်မြို့ ဘန်တော် PPK ဘောလုံးကွင်း၌ ပြိုင်ပွဲဝင် အသင်းပေါင်း ၃၀ နီးပါးဖြင့် ကျင်းပသွားမည်ဟု တိုင်းလူးငယ်ကွန်ရက် တာဝန်ခံထံမှ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်းတိုင်းလူငယ်ကွန်ရက်မှ တာဝန်ခံကိုခန့်က “အဓိက ကတော့ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ဒုက္ခရောက်နေသူတွေကို ပြန်လည်ကူညီပေးနိုင်ဖို့အတွက် ပြည်ပရောက်မြန်မာတွေ စုစည်းပြီးကျင်းပမယ့်ပွဲလေးဖြစ်ပါတယ်”ဟု ပြောသည်။

ယင်း ရန်ပုံငွေဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို အသင်း ၃၀၊ အသင်းဝင်ကြေး ဘတ် ၄,၀၀၀၊ ကစားသမား ၁၅ ဦး၊ ပြိုင်ပွဲကစားသည့်အခါ တစ်ဖက်လျှင် ခုနစ်ဦးဖြင့် ပြိုင်ပွဲကိုကျင်းပရန်စီစဉ်ထားသော်လည်း လက်ရှိတွင် စိတ်ဝင်စားမှုကြောင့် ကွန်ရက်ထံလာရောက်ဆက်သွယ်ထားသည့် အသင်းများမှာ သတ်မှတ် အသင်းအရေအတွက်ထက် ပိုများလာနိုင်ကြောင်း တာဝန်ခံကိုခန့်ကဆိုသည်။

ထို့ပြင် ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် စျေးရောင်းပွဲတော်ပါ ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။

အနိုင်ရသည့် အသင်းများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္တဆုများဖြင့် ဆုဖလားများပါ ချီးမြှင့်သွားမည့်အပြင် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုများကိုလည်း ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ယခုကျင်းပမည့် ဘောလုံးပြိုင်ပွဲတွင် ထိုင်းနိုင်ငံရောက် တနင်္သာရီတိုင်းမှလူငယ်များအပြင် အခြား တိုင်း နှင့်ပြည်နယ် အသီးသီးမှလူငယ်များလည်း ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ထိုင်းနိုင်ငံ

#မြန်မာရွှေ့ပြောင်းလုပ်သား

#ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly