သစ္စာဖောက်ခံရတယ်လို့ ရော်နယ်လ်ဒို ပြောဆိုမှုကို ယူနိုက်တက်တို့ 'တုံ့ပြန်ဖို့ စဉ်းစားနေ'

သစ္စာဖောက်ခံရတယ်လို့ ရော်နယ်လ်ဒို ပြောဆိုမှုကို ယူနိုက်တက်တို့ 'တုံ့ပြန်ဖို့ စဉ်းစားနေ'

မန်ချက်စတာယူနိုက်တက်က ကလပ်အသင်းက သစ္စာဖောက်တယ်လို့ ခံစားခဲ့ရတယ်ဆိုတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးအတွက် "သူတို့ရဲ့ တုံ့ပြန်မှုကို ထည့်သွင်း စဉ်းစားနေတယ်"လို့ တနင်္လာနေ့က ပြောပါတယ်။

အဲရစ် တန်ဟက်ဂ်က မေလမှာ မန်နေဂျာအဖြစ် တာဝန်ယူခဲ့ချိန်ကစလို့ ဘလွန်းဒီအော်ဆု (Ballon d'Or ) (၅)ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းနဲ့ မသက်ဆိုင်သလို ဖြစ်လာခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားလဲဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း မကြာသေးခင်ရက်သတ္တပတ်တွေအတွင်းက အသင်းထံပြန်လာခဲ့ပြီး အက်စတွန်ဗီလာကို ၃-၁ နဲ့ ရှုံးတဲ့ပွဲမှာပင် သရဲနီတို့ရဲ့အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပွဲစဉ်မှာ အသင်းလူစာရင်းထဲ မပါဝင်ခဲ့ပါဘူး။

တန်ဟက်ဂ်နဲ့ ပတ်သက်လို့ ရော်နယ်လ်ဒိုက “ကျနော် သူ့အပေါ် မလေးစားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျနော့်ကို လေးစားမှု မပြခဲ့တာကြောင့်ပါ”လို့ တနင်္ဂနွေနေ့က ပီယာ့စ် မော်ဂန်ရဲ့ Uncensored တီဗီရှိုးနဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"နည်းပြတင်မကဘဲ ကလပ်အနီးဝန်းကျင်က လူနှစ်ယောက် သုံးယောက်လောက်ပေါ့။ ကျနော် သစ္စာဖောက်ခံရတယ်လို့ ခံစားရတယ်။"

စီနီယာအသင်းအမှုဆောင်အရာရှိတွေက သူ့ကို ထုတ်ပယ်ဖို့ ကြိုးပမ်းနေသလားလို့ ထပ်မံမေးမြန်းခဲ့ရာမှာတော့ ရော်နယ်လ်ဒိုက "ဟုတ်ပါတယ်၊ ကျနော် သစ္စာဖောက်သလို ခံစားခဲ့ရပြီး တချို့လူတွေက ဒီနှစ်မှာတင်မကဘဲ မနှစ်ကလည်း ဒီနေရာမှာ ရှိနေဖို့ ကျနော့်ကို မလိုလားသလိုမျိုး ခံစားခဲ့ရတယ်။"လို့ ပြန်ဖြေကြားခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကလပ်က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ “မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ဖော်ပြမှုကို မှတ်သားထားပါတယ်။

“အချက်အလက် အပြည့်အစုံကို ဖော်ထုတ်ပြီးရင် ကလပ်အနေနဲ့ သူ့ရဲ့ တုံ့ပြန်မှုကို စဉ်းစားသွားမှာပါ။

"ကျနော်တို့ရဲ့ အာရုံစိုက်မှုက ရွှေဆက်မယ့် ရာသီဒုတိယဝက်အတွက် ပြင်ဆင်မှုတွေနဲ့ ကစားသမားတွေ၊ မန်နေဂျာတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကြားမှာ အရှိန်အဟုန်နဲ့ တည်ဆောက်နေတဲ့ ယုံကြည်ချက်နဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။"လို့ ဖော်ပြထားပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လက ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ပထမဆုံးအကြိမ်က အဲလက်စ်ဖာဂူဆန်ရဲ့ ထိန်းကျောင်းမှုအောက်မှာ နာမည်ကြီးလာသူတစ်ဦးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်နဲ့ သူ့ရဲ့ ပထမဆုံး ဘလွန်းနီဒီအော်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းခဲ့ပေမယ့်လည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာသာ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် ဆိုးရွားတဲ့ ရာသီတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီနောက် ရော်နယ်လ်ဒိုဟာ ဒီရာသီမစတင်ခင် အသင်းကနေ ထွက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း တခြားကလပ်အသင်းတွေနဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူးလို့ သတင်းထွက်ခဲ့ပါတယ်။

"ဆာအဲလက်စ် ထွက်ခွာပြီးကတည်းက ကလပ်မှာ တိုးတက်မှု မတွေ့ခဲ့ရပါဘူး။ ဘာမှမပြောင်းလဲပါဘူး" လို့ ရော်နယ်လ်ဒိုက ယူနိုက်တက်ကို ပြန်လာချိန်မှာ တွေ့ရှိခဲ့ရတာတွေကို ပြောပါတယ်။ "ကျနော်က ကလပ်အတွက် အကောင်းဆုံးကို လိုချင်တယ်။ အဲဒါကြောင့် ကျနော် မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာခဲ့တာပါ။

"ဒါပေမယ့် (မန်ချက်စတာ)စီးတီး၊ လီဗာပူးလ်နဲ့ အခု အာဆင်နယ်လိုမျိုး ထိပ်တန်းလယ်ဗယ်ကို ရောက်ဖို့ ကျွန်တော်တို့ကို အကူအညီ မဖြစ်စေတဲ့ အရာတချို့ ဒီအသင်းမှာ ရှိနေတယ်။ ကျနော့်အမြင်မှာတော့ ဒီအသင်းဟာ ထိပ်ပိုင်းမှာပဲ ရှိသင့်တဲ့ ကလပ်အသင်းတစ်ခုပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့ အဲဒီလို ဖြစ်မနေပါဘူး"

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နောက် ၁၁ မှတ်အကွာမှာ ရှိနေပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required