စာသင်ခန်းသို့ ခြေလျင်ခရီးကြမ်း

စာသင်ခန်းသို့ ခြေလျင်ခရီးကြမ်း
ဓာတ်ပုံ-မဇ္စျိမ

('' ကျွန်မမှာ အနာဂတ်ဆိုတာ မရှိပါဘူး။ အနာဂတ်မှာ ဘာဖြစ်ချင်မှန်းလည်း မသိပါဘူး။ အထက်တန်းပြီးတဲ့ထိတော့ ကျောင်းတက်ချင်သေးတယ်။ ဒါပေမဲ့ ကျွန်မမိသားစုကို လယ်ထဲမှာ ကူလုပ်ပေးဖို့လည်း လိုနေတယ်။'' ဟု ကိကိဖုန်းက ပြောသည် )

(ဆုံးဖြတ်ရခက်သည့် စိန်ခေါ်မှုတစ်ရပ်လာမည့် မြန်မာ့ကျေးလက်ဒေသပညာရေး အဆင့်မြှင့်တင်ရေး)

ကိကိဖုန်းသည် မိသားစုလယ်လုပ်ငန်းနှင့် ပညာသင်ကြားမှုမှ ရရှိလာနိုင်သည့် ဘဝလွတ်မြောက်မှု အခွင့်အလမ်းများကြား ဝေခွဲမရနှင့် ဗျာများရလျက်ရှိသည်။ ဧရာဝတီမြစ်ဝှမ်းဒေသ၊ ပန်းတနော်မြို့နယ်အတွင်းရှိ လယ်ကွင်းများကို ဖြတ်၍ ကျောင်းသို့ လမ်းလျှောက်သွားလေ့ရှိသော အသက် ၁၁ နှစ်အရွယ်မိန်းကလေးသည် သူမ၏ ပညာရေးအဆုံးသတ်သွား မည်ကို စိုးရိမ်ထိတ်လန့်နေကြောင်းကို မဇ္ဇိုမ သို့ ဤသို့ ရင်ဖွင့်သည်။

'' ကျွန်မမှာ အနာဂတ်ဆိုတာမရှိပါဘူး။အနာဂတ်မှာဘာဖြစ်ချင်မှန်းလည်း မသိပါဘူး။ အထက်တန်းပြီးတဲ့အထိတော့ ကျောင်းတက်ချင်သေးတယ်။ ဒါပေမဲ့ ကျွန်မမိသားစုကို လယ်ထဲမှာကူလုပ်ပေးဖို့လည်း လိုနေတယ် ''

တစ်ပတ်လျှင် ၅ ရက်၊ ကျောင်းဖွင့်ရက်တိုင်း ကိကိဖုန်းသည် လယ်ကွင်းများနှင့် တောအုပ်များကို ဖြတ်၍သွားရသော တစ်နာရီခွဲကြာခရီးကို နေပူပူ၊မိုးရွာရွာ ခြေလျင်လျှောက်လှမ်းပြီး ပညာသင်ကြားရန် ကျောင်းသို့ အရောက်သွားလျက် ရှိသည်။ အသွားအပြန်ဆိုပါက ၃ နာရီစာခရီး ဖြစ်လေသည်။

မိန်းမငယ်လေးတစ်ယောက်အနေဖြင့် သူမကိုယ်သူမ ပိုတော်၊ပိုကောင်းလာအောင် လုပ်နိုင်လိမ့်မည်ဟူသော မျှော်လင့် ချက်ဖြင့် စာသင်ခန်းသို့အရောက် ခြေလျင်ခရီးကြမ်းနှင်နေခြင်း ဖြစ်သည်။

ဤဖြစ်အင်က မကြာမီတက်လာတော့မည့် မြန်မာ့ခေါင်းဆောင်သစ် ဒေါ်အောင်ဆန်းစုကြည် ကာလရှည်စိုက်လိုက်မတ်တပ် ပြောကြားလာသည့် ပညာရေး၏အရေးကြီးပုံကို စိတ်တွင်ထင်ဟပ်မိစေသည်မှာ အမှန်ပင်ဖြစ်သည်။

ပညာရေး နှင့် လယ်လုပ်ငန်း

တကယ်တမ်းတွင် ကိကိဖုန်း၏ဇာတ်လမ်းသည် မြန်မာနိုင်ငံ၏လူများစုကို ကိုယ်စားပြုသည့် မြောက်များလှစွာသော မိသားစုများတွင် တွေ့နေ၊ကြုံနေကျ ဇာတ်လမ်းတစ်ခုသာ ဖြစ်သည်။ မြန်မာ့လူဦးရေ၏ ၃ ပုံ ၂ ပုံမှာ ကျေးလက်ဒေသတွင် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရပြီး စိုက်ပျိုးရေးလုပ်ငန်းများအားလုံးကိုလည်း လူအားဖြင့်သာ အဓိကလုပ်ကိုင်နေကြရဆဲ ဖြစ်သည်။ ဓါတ်ပုံများနှင့် ပန်းချီကားများထဲတွင် မြင်တွေ့ရလေ့ရှိသည့် လယ်ကွင်းထဲတွင် ပျော်ပျော်ပါးပါးကောက်စိုက်နေသူများ၊ နွားလှည်းပေါ်မှလူများ စသည့် သာယာတင့်မောသောရှု့ခင်းများ၏ နောက်မှ တကယ့်လက်တွေ့ဘဝများ ကြမ်းတမ်းလွန်းလှသည်။

မြန်မာ့ပညာရေးစနစ်မှာ ဆယ်စုနှစ်ပေါင်းများစွာ မျက်ကွယ်ပြုခံထားရသဖြင့် ပျက်စီးနေသည်မှာ မှန်သော်လည်း ဤဧရာဝတီမြစ်ဝှမ်းဒေသကဲ့သို့သော ကျေးလက်ဒေသများတွင် ပို၍ပင် အခြေအနေဆိုးရွားလျက်ရှိသည်။

ကျောင်းဖွင့်ရက်များတွင် ကိကိဖုန်းသည် သူမ၏အသက် ၆ နှစ်အရွယ်မောင်လေး မိုးအောင်ရင်၏ လက်ကိုဆွဲကာ ရှည်လျားလှသော ခြေလျင်ခရီးကိုဖြတ်၍ ကျောင်းသို့အသွားအပြန်လုပ်နေရသည်။

ကိကိဖုန်းလေးရင်ဖွင့်ထားသကဲ့သို့ပင် သူမ၏အနာဂတ်မှာ ကြိုတင်သတ်မှတ်ခံထားရပြီး ထိုအနာဂတ်မှာ သူမ၏ ဆန္ဒနှင့် တစ်ထပ်တည်းမကျသော အနာဂတ်လည်း ဖြစ်လျှက်ရှိလေသည်။

သူမ၏အစ်မတစ်ဦးမှာ အသက် ၁၂ နှစ်အရွယ်၊ ၄ တန်းအရောက်မှာပင် ကျောင်းနားလိုက်ရပြီး လယ်ထဲသို့ဆင်းကူ ခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ် နောက်အစ်မတစ်ယောက်မှာမူ ကရင်ပြည်နယ်အတွင်းရှိ မြို့တစ်မြို့တွင် အလုပ်သွားလုပ်နေရပြီး အသက် ၂၁ နှစ်အရွယ်အစ်ကိုဖြစ်သူမှာလည်း အဝေးသွား၍ အလုပ်လုပ်နေရသည်။ ဤသည်မှာ ကျေးလက်ဒေသရှိ မိသားစုများကြား တွေ့နေ၊ကြုံနေကျ အဖြစ်အပျက်များသာ ဖြစ်လေသည်။

ကိကိတို့မိသားစု၏ ဘိလပ်မြေတစ်ပိုင်း၊ သစ်သားတစ်ပိုင်း၊ ဝါးတစ်ပိုင်း အိမ်လေးသည် မယန်းရွာအပြင်ရှိ ကိုယ်ပိုင်မြေကွက်တစ်ခုပေါ်တွင် ဖြစ်ပြီး ကျေးလက်ဒေသများတွင် မြင်တွေ့နေကျ နွားများ၊ ကြက်များ၊ ဝက်များ နှင့် လူစိမ်းလာလျှင် ဟောင်၍နှုတ်ဆက်တတ်သော ခွေးများကိုလည်း မြင်တွေ့ရသည်။

ဤသည်မှာ ကိကိဖုန်းသိထားသည့်တစ်ခုတည်းသော ဘဝသာဖြစ်သည်။ သို့သော်လည်း ကျောင်းမှာသင်ရသည့် စာအုပ်များထဲတွင် အခြားအခြားသော အနာဂတ်ဘဝများကို ကိကိဖုန်းလေးတစ်ယောက် တွေ့နေ၊မြင်နေရလေသည်။

'' ကျွန်မ ကျောင်းသွားရမှာ မကြောက်ဘူး။ ပျင်းလည်းမပျင်းဘူး။ဘာလို့မှန်းမသိပေမယ့် ကျောင်းသွားရတာ ပျော်တယ်။ ဒါပေမဲ့ အနာဂတ်မှာဘာဖြစ်ချင်တယ်ဆိုတာတော့ ကျွန်မတွေးကြည့်လို့မရဘူး။ ကျောင်းပြီးသွားတဲ့အခါကျရင် ကျွန်မ မိဘတွေကို လယ်ထဲဆင်းပြီး ကူရင်ကူမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင် ကျောင်းကိုတော့ ၁၀ တန်းအောင်တဲ့ ထိတက်ချင်သေးတယ် '' ဟု သူမက ပြောသည်။

ယာယီကျောင်း

ကိကိဖုန်း နေ့စဉ်အားကြိုးမာန်တက် သွားနေရသောနေရာမှာ တကယ်တမ်းတွင် ပြည်စုံကောင်းမွန်လှသော နေရာတစ်ခု မဟုတ်ပါ။ ဝါး၊ပလတ်စတစ်စများ နှင့်တည်ဆောက်ထားပြီး ခုံကျိုးများသာ ရှိသော ကျောင်းလေးသာ ဖြစ်သည်။

စာသင်ကြားပေးလိုစိတ်ရှိ၍ ဝင်သင်ကြားသောဆရာနှစ်ယောက်က အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေး ၆၀ ခန့်ကို စာသင်ကြားပေးလျက်ရှိသည်။ အစိုးရဆီက အကူအညီတောင်းခံဖူးသော်လည်း မည်သည့်အကြောင်းပြန်ကြားမှုမျှ မရကြောင်း ကလေးမိဘတစ်ဦးက ပြောကြားသည်။

'' အစိုးရဆီက အထောက်အပံ့ရဖို့ တောင်းဖူးပါတယ်။ ဘာမှအကြောင်းမပြန်ပါဘူး။ ဆရာတွေကို ကျွန်တော်တို့ အိတ်ထဲကပဲ စိုက်ပြီးပေးထားရတယ်။ ဆရာငှားဖို့ ဆန်နဲ့ ပိုက်ဆံကို ရွာမှာရှိတဲ့လူတွေအကုန်စုပြီး ခံရတယ် '' ဟု အဆိုပါ ကလေးမိဘက ပြောကြားသည်။ ကျောင်းနှင့်အိမ်ဝေးသော ကလေးအများစုမှာ ကျောင်းသို့ လမ်းလျှောက်ပြီးသာလာနိုင် သဖြင့် နေ့စဉ် ကျောင်းသို့ရောက်ရှိရန်မှာပင် အခက်အခဲတစ်ရပ် ဖြစ်လျှက်ရှိပြီး ဤအချက်မှာပင် ပညာသင်ကြားခွင့်ရရေး အတွက် ရင်ဆိုင်နေရသော တိုက်ပွဲတစ်ခုသဖွယ် ဖြစ်လျှက်ရှိသည်။

ကျေးလက်ဒေသရှိကလေးငယ်များ ပညာသင်ကြားခွင့်ရရေးတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုမှာ ကလေးငယ်များက လယ်ထဲဆင်းပြီး ကူညီနေရခြင်းတစ်ခုတည်း သက်သက်မဟုတ်ချေ။

အခမဲ့ပညာရေးစနစ်ဖြစ်သည့်တိုင် ကျေးလက်ဒေသရှိ ကျောင်းသားအများအပြား၏ မိသားစုများမှာ လိုအပ်သော ကျောင်းသုံးပစ္စည်းများဝယ်ယူရန်နှင့် ကလေးကိုကျောင်းသို့ပို့ရန်တို့အတွက် ခက်ခက်ခဲခဲကြိုးစားနေကြရသည်။

ကိကိဖုန်းနှင့် သူမ၏မောင်လေးမှာ ကျောင်းသို့လမ်းလျှောက်ပြီးသွားသဖြင့် ကိကိဖုန်း၏မိဘများမှာ ကံကောင်းမည် ဟု ဆိုရမည်ဖြစ်သည်။ လမ်းအခြေအနေအရ လမ်းလျှောက်၍မသွားလျှင် ဆိုင်ကယ်ဖြင့်သွားရန်တစ်နည်းသာ ရှိတော့သည်။ စက်ဘီးဖြင့် ပို့၍ရသည်ဆိုသော်လည်း စက်ဘီးတစ်စီးတည်းသာရှိသော မိသားစုများမှာ ယင်းစက်ဘီးကို လယ်လုပ်ငန်း အတွက် နှင့် ဈေးသို့သွားရန် သုံးစွဲနေရသေးသည်။

နောက်ထပ်စိန်ခေါ်မှုတစ်ရပ်မှာ ကျား၊မ ပြဿနာဖြစ်သည်။ ကျောင်းတက်ရမည့်ကိစ္စနှင့်ပတ်သတ်လာလျှင် ယောက်ျားလေးများက မိန်းကလေးများကို ဦးစားပေးကြသည်မှာ အစဉ်အလာသဖွယ်ဖြစ်နေပြီး အရိုးစွဲနေသော အလေ့အထတစ်ခုလည်း ဖြစ်လျှက်ရှိသည်။

ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ပညာမသင်ကြားရသည့်အတွက် နစ်နာရမည်မှာ မှန်သော်လည်း ကိကိဖုန်းတို့ လို မိန်းကလေးများမှာ ကျောင်းမှစောစီးစွာထွက်လိုက်ရပါက ပို၍တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရဖွယ် ရှိနေသည်။

မိသားစုကို ကူညီ

အားလပ်ရက်၊ သို့မဟုတ် ကျောင်းနားရက်များတွင် ကိကိဖုန်းသည် သူမ၏မိဘများကို အမြဲကူညီလေ့ရှိသည်။ ကိကိဖုန်း ၏ ဖခင် ဦးအောင်မှာ သူ့သမီး၏ ပညာသင်ကြားလိုစိတ်ကို သိသလို သူ့သမီးပညာတတ်တစ်ယောက် ဖြစ်လာပါက သူ၏ ကလေးများနှင့် မိသားစုတို့ ပိုကောင်းသောဘဝကိုရရှိနိုင်မှန်းလည်း သိသူ ဖြစ်သည်။

'' ကျွန်တော့် ကလေးတွေအတွက်တော့ ကျွန်တော်တတ်နိုင်သလောက် ထောက်ပံ့သွားမှာပဲ။ ဒါပေမဲ့ တစ်ခါတစ်လေကျ မိသားစုစီးပွားရေးကလည်း အရမ်းအရေးကြီးတယ်။ဒါကြောင့် ကျွန်တော့် သားနဲ့ သမီးကို အဝေးသွား အလုပ်လုပ်ပြီးတော့ အိမ်ကို ထောက်ပံ့ခိုင်းထားတာ။ ကျောင်းတက်နေတဲ့သမီးကိုတော့ ၁၀ တန်းအထိရောက်စေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ကျောင်းမနေခဲ့ရတော့ မိသားစုထဲမှာ ပညာတတ်တစ်ယောက်တော့ ရှိမှကောင်းမယ် '' အသက် ၄၆ နှစ်အရွယ် ဦးအောင်က ပြောကြားသည်။

'' ကျွန်တော့်ရှိသမျှ ကြက်ရော၊ ဘဲရော အကုန်ရောင်းပြီး မိသားစုကောင်းဖို့အတွက် ကလေးတွေကျောင်းနေနိုင်အောင် ထောက်ပံ့ပေးတယ် '' ဟု ကိကိဖုန်း၏ ဖခင်ဖြစ်သူက ဆိုသည်။

တစ်ယောက်တည်းမဟုတ်

ထိုကဲ့သို့သော အဖြစ်မျိုးနှင့်ကြုံနေရသည်မှာ ကိကိဖုန်းတစ်ယောက်တည်းမဟုတ်ချေ။ သူမသည် ပညာရေးဖြင့် ပိုကောင်းသည့်ဘဝတည်ဆောက်ရေး နှင့် မိသားစုစီးပွားရေးအတွက် လယ်ထဲဆင်းကူညီရေးတို့အကြား ဗျာများနေရသော ကလေးသန်းပေါင်းများစွာအနက်မှ တစ်ယောက်သာဖြစ်လေသည်။

ထို့ပြင် ထိုကဲ့သို့သော အကျပ်အတည်းမှာ မြန်မာတစ်နိုင်တည်းတွင် ဖြစ်နေခြင်းမဟုတ်ဘဲ အာရှတလွှားတွင် မြင်တွေ့နေရ သော အကျပ်အတည်းလည်း ဖြစ်လေသည်။ မြန်မာနိုင်ငံမှာမူ စစ်အစိုးရအုပ်ချုပ်ခဲ့သော ဆယ်စုနှစ် ၅ နှစ်တာကာလ အတွင်း ပညာရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့မှုနည်းပါးခဲ့ခြင်းကြောင့်သာမကဘဲ ပညာရေး အရေးကြီးပုံကို လူတိုင်းသိရှိနားလည်းအောင်လုပ်ဆောင်ပေးရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့်ပါ ပို၍နောက်တွင်၍ ကျန်နေရစ်ခဲ့ရလေသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ် စတင်တာဝန်ယူသည့်အချိန်တွင်မူ ပညာရေးမှာ အရေးကြီးသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

သို့ရာတွင် ကိကိဖုန်း၏ ဘဝမှာမူ မြန်မြန်ဆန်ဆန်အဆင်ပြေချောမွေ့သွားဖွယ် မရှိသေးချေ။ သူမ၏ ပညာဆက်လက် သင်ကြားခွင့်ရရေးမှာ မိသားစုအတွင်း ပညာတတ်တစ်ယောက်ရှိရေးအတွက် သူမဖခင်အနေဖြင့် ငွေကြေးလုံလုံလောက် လောက် ရှာဖွေနိုင်စွမ်း ရှိ၊မရှိပေါ်မှီခိုနေရလေသည်။

ဤသည်မှာတကယ့်ကို ဆုံးဖြတ်ရခက်သော ရွေးချယ်မှုတစ်ရပ်လည်းဖြစ်လေသည်။

(Long Walk to School  by Hong Sar ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly