ဝီဂါများအပေါ်ဖိနှိပ်မှုအတွက် အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့တွင် ဘင်္ဂလားဒေ့ရှ်၌ တရုတ်ဆန့်ကျင်ရေးဆန္ဒပြ

ဝီဂါများအပေါ်ဖိနှိပ်မှုအတွက် အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့တွင် ဘင်္ဂလားဒေ့ရှ်၌ တရုတ်ဆန့်ကျင်ရေးဆန္ဒပြ

လွတ်မြောက်ရေးစစ်ပွဲဖြစ်ပွားသည့် ၁၉၇၁ နှစ်က လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ရပ်ဆိုးများကို ရင်ဆိုင်ခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဝီဂါများအပေါ်တရုတ်ဖိနှိပ်မှုနှင့် နိုင်ငံတွင်း တရုတ်နယ်ချဲ့လာမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

အရှေ့တာကစ္စတန်/ ဝီဂါမွတ်စလင်များ၏အရေးကို ထောက်ခံရန်နှင့် လူမဆန်သောလုပ်ရပ်များအတွက် တရုတ်ကို ပြစ်တင်ရှုတ်ချရန် ဘင်္ဂလားဒေ့ရှ်ပြည်သူများသည် အရှေ့တာစ္စတန်လွတ်လပ်ရေးနေ့ နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံအနှံအပြား၌ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြသည်။

Muktijoddha Mancha လူမှုရေးအဖွဲ့သည် ဝီဂါမွတ်စလင်ကို နှိပ်ကွပ်မှုနှင့် အရှေ့တာကစ္စတန်အပေါ် တရားမဝင် သိမ်းပိုက်မှုတို့ကို ကန့်ကွက်သည့်အနေဖြင့် လူများစုဝေးကာ ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။

ဆန္ဒပြသူ ၆၀၀ ခန့်သည် ဝီဂါမွတ်စလင်များအပေါ် တရုတ်၏ သတ်ဖြတ်ဖိနှိပ်မှု၊ ဘာသာရေးနှိပ်ကွပ်မှု၊ အတင်းအဓမ္မမခိုင်းစေမှုနှင့် တရုတ်အကျဉ်းထောင်များမှ အမျိုးသမီးများအပါအဝင် ဝီဂါ ၁ သန်းကျော်လွှတ်ပေးရန် တောင်းဆို သော ဆန္ဒပြနဖူးစည်းစာတန်းများနှင့် ပိုစတာများကိုင်ဆောင်ကာ အရှေ့တာကစ္စတန် လွတ်လပ်ရေးနေ့ကို ထောက်ခံကြောင်းပြသလျက် နိုဝင်ဘာ ၁၂ ရက်တွင် ဒါကာမြို့ ရှာဘက်ရပ်ကွက်ရှိ အမျိုးသား ပြတိုက်ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ကို အကြွေးထောင်ချောက်ထဲသို့ရောက်စေကာ ဝီဂါမွတ်စလင်များကို ဆက်လက်ဖိနှိပ်သော တရုတ်ကို မယုံကြည်ကြရန် ဆန္ဒပြပွဲအား ဝိုင်းကြည့်နေသူများကိုလည်း သတိပေးခဲ့သည်။ ဆန္ဒပြသူများသည် တရုတ်သံရုံးသို့လည်း စာတစ်စောင် ပေးပို့ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြသည်။ ဆန္ဒဖော်ထုတ်သူများက ဘင်္ဂလားဒေ့ရှ်တွင် တရုတ်နယ်ပယ်ချဲ့ထွင်ရေးသဘောထားများ၊ အထူးသဖြင့် ဒါကာ-ကူရီဂရမ် ၆ လမ်းသွားအဝေးပြေးလမ်းမနှင့် ဒါကာဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီ၏ ဓာတ်အားလိုင်းတိုးချဲ့မှုများ နှောင့်နှေးခြင်း၊ ၎င်းစီမံကိန်းများတွင် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များကို မခန့်အပ်ခြင်း၊ စီမံကိန်းများတွင် ခန့်ထားသော လုပ်သားများအတွက် လုံခြုံရေးသတိပေးချက်များကို လျစ်လျူရှုခြင်းနှင့် ဘင်္ဂလားဒေ့ရှ်အား သီရိလင်္ကာ နိုင်ငံကဲ့သို့ အကြွေးထောင်ချောက်ထဲရောက်စေရန် တွန်းပို့ခြင်းများကို ပြည်သူများအား ရှင်းပြခဲ့သည်။

အရှေ့တာကစ္စတန် တရားမဝင်သိမ်းပိုက်ခံရမှုကြောင့် ဝီဂါနှင့် အရှေ့တာကစ္စတန်လူမျိုးများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရင်ဆိုင်နေရသည်။ အရှေ့တာကစ္စတန်၏ လွတ်လပ်ရေးကို ပြန်လည်ရယူခြင်းကသာ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ထို့ပြင် Bharat Bangladesh Sampreeti Sangsad Welfare Association (BBSS) လူမှုရေးအဖွဲ့အစည်းကလည်း အရှေ့တာကစ္စတန်၏ လွတ်လပ်ရေးတောင်းဆိုမှုကို ထောက်ခံသည့်အနေဖြင့် စက်ဘီးစီးဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲတွင် ကောလိပ်အသီးသီးမှ ကျောင်းသားကျောင်းသူများ၊ သတင်းစာဆရာများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required