အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ အထက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီ ဆက်ထိန်းထားနိုင်

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ အထက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီ ဆက်ထိန်းထားနိုင်

နိုဝင်ဘာလ ၁၃ ရက်

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ်တော်အမတ် ကက်သရင်း ကော့တက်ဇ် မက်စ်တိုက နီဗားဒါးပြည်နယ်တွင် အနိုင်ရသွားခဲ့ပြီးနောက် ယခုအခါ အမေရိကန် အထက်လွှတ်တော်ကို ဒီမိုကရက်များက ထိန်းချုပ်ခွင့်ရမည် ဖြစ်ကြောင်း Edison Research သုတေသနလုပ်ငန်းက နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ယခုကဲ့သို့ အထက်လွှတ်တော်ကို ဒီမိုကရက်များ ဆက်ထိန်းထားနိုင်ခြင်းက သမ္မတ ဂျိုးဘိုင်ဒင်အတွက် အဓိက အောင်ပွဲတစ်ခု ဖြစ်စေမည်ဖြစ်သည်။

သို့သော် အမေရိကန် အောက်လွှတ်တော် ထိန်းချုပ်ခွင့်အတွက် ရစ်ပတ်ဘလစ်ကန်များက အနိုင်ရရန် ဆက်လက် နီးစပ်နေဆဲဖြစ်ပြီး တာဝန်ရှိသူများသည် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲများ၏ မဲရလဒ်များကို ဆက်လက်ရေတွက်နေဆဲ ဖြစ်သည်။

ကော့တက်ဇ် မက်စ်တိုသည် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ်ကန်အမတ် အဒမ် လက်ဇော့တ်အပေါ် ပွတ်ကာသီကာ အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။ အဒမ် လက်ဇော့တ်သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ထောက်ခံပေးခဲ့သည့် ပြည်နယ်ရှေ့နေချုပ်ဟောင်းတစ်ဦးဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်က အရီဇိုးနားပြည်နယ်တွင် ဒီမိုကရက်တစ်ပါတီမှ ဝင်အရွေးခံသည့် ဆိနိတ်တာ မာ့ခ် ကယ်လီ အနိုင်ရပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို နောက်ထပ် ဒီမိုကရက်တစ်အမတ် မက်စ်တို အနိုင်ရသွားခြင်းကြောင့် ယခုအခါ အထက်လွှတ်တော်တွင် ဒီမိုကရက်များက အမတ်နေရာ အနည်းဆုံး ၅၀ ကို ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။ အမတ် ၁၀၀ ဦး ရှိသည့် အထက်လွှတ်တော်တွင် မဲတူနေပါက ဒုသမ္မတ ကမ်မလာ ဟားရစ်က ဒီမိုကရက်ပါတီဘက်မှ မဲပေးသွားနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအပေါ်မှာ ကျွန်တော်တို့ ယုံကြည်တယ်ဆိုတာကို အမေရိကန်က ပြသလိုက်တာပါပဲ။ ဒီမိုကရေစီ၏ အရင်းအမြစ်တွေက နက်ရှိုင်းခိုင်မာနေပါတယ်” ဟု အထက်လွှတ်တော် လူများစု ခေါင်းဆောင် ဒီမိုကရက်တစ်ဦးဖြစ်သည့် ချက်ခ် ရှူးမားက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

လက်ရှိတွင် အမေရိကန် အထက်လွှတ်တော်တွင် ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များအကြား အမတ်နေရာ ၅၀-၅၀ စီဖြင့် ရှိနေသည်။ အသစ် ရွေးကောက်ခံရသည့် အထက်လွှတ်တော်အမတ်များ ကျမ်းကျိန်မှုကို ဇန်နဝါရီ ၃ ရက်တွင် ကျင်းပမည် ဖြစ်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly