ယူကရိန်းနှင့် ပါကစ္စတန်က နျူလက်နက်နှင့်ပတ်သက်ပြီး မဟာမိတ်ဖွဲ့နေဟု ရုရှားလွှတ်တော်အမတ် ပြော

ယူကရိန်းနှင့် ပါကစ္စတန်က နျူလက်နက်နှင့်ပတ်သက်ပြီး မဟာမိတ်ဖွဲ့နေဟု ရုရှားလွှတ်တော်အမတ် ပြော

ယူကရိန်းနှင့် ပါကစ္စတန်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သလို ရုရှား ဖက်ဒရေးရှင်းကောင်စီ ကာကွယ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည့် အီဂေါ် မိုရိုဇော့ဗ်က ပြောကြားလိုက်သည်။

“နျူကလီးယား လက်နက်တွေ ဖန်တီးမယ့် နည်းပညာတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ယူကရိန်း ကျွမ်းကျင်သူတွေဟာ ပါကစ္စတန်ကို သွားရောက်ထားခဲ့သလို ပါကစ္စတန်ကနေ လာတဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုကိုလည်း လက်ခံတွေ့ဆုံထားခဲ့ပါတယ်” ဟု မိုရိုဇော့ဗ်က ပြောသည်။

‘ယူကရိန်းရှိ နျူကလီးယား ရန်စမှုများ၊ မည်သူက ယင်းကို လိုအပ်သလဲ’ ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မိုရိုဇော့ဗ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပွဲအခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ရုရှား၏ ဦးဆောင်မီဒီယာဌာနဖြစ်သည့် Russia Today က စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်သည် ယခင်ကာလများအတွင်းကလည်း ဒုံးကျည်နည်းပညာအစား မြောက်ကိုရီးယားကို နျူကလီးယားဗုံးများ ထုတ်လုပ်နိုင်ရေး ကူညီပေးခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ထို့ပြင် ယခင်ကာလအတွင်း ပါကစ္စတန်သည် လစ်ဗျားကို နျူကလီးယား အစီအစဉ်ဖြင့် ကူညီပေးခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

ယူကရိန်းသည် ပါကစ္စတန်အတွက် အဓိက လက်နက် ထောက်ပံ့ပေးသွင်းသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်က အများအသိပင် ဖြစ်သည်။ ယူကရိန်းစစ်တပ်က အသုံးပြုသည့် စစ်လက်နက်များအတွက် အသေးစား လက်နက် ခဲယမ်းကျည်များ ထုတ်လုပ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံပိုင် စစ်လက်နက်ပစ္စည်းထုတ် လုပ်ငန်း Pakistan Ordnance Factory က ပြောခဲ့ဖူးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly