မဟာဗျူဟာ ခါဆွန်မြို့ကို ပြန်လည်ရရှိကြောင်း ယူကရိန်း ကြေညာ 

မဟာဗျူဟာ ခါဆွန်မြို့ကို ပြန်လည်ရရှိကြောင်း ယူကရိန်း ကြေညာ 

နိုဝင်ဘာလ ၁၂ ရက်

ခါဆွန်မြို့မှ ရုရှတပ်များ ရုပ်သိမ်းသွားသည့်နောက်တွင် ယင်းမြို့သည် “မိမိတို့ ပိုင်” ဖြစ်ပြီဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကြေညာပြီး ယင်းကို အမေရိကန်က “ထူးကဲသော အောင်ပွဲ” အဖြစ် စနေနေ့တွင် ကြိုဆိုဂုဏ်ပြုသည်။ 

“မြေပြင်မှာ ကျွန်တော်တို့ တိုက်ပွဲတွေ အနိုင်ရနေပါတယ်၊ ဒါပေမဲ့ စစ်ကတော့ ဆက်ဖြစ်နေတုန်းပဲ”ဟု ယူကရိန်း၏ ခါဆွန်မြို့အား ထူးထူးကဲကဲ ပြန်လည်ရရှိပြီးနောက်တွင် နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ပြောသည်။ ခါဆွန်ဒေသည် ရုရှကျူးကျော်စစ် စတင်ချိန်မှစပြီး ကိုးလအတွင်း ရုရှက သိမ်းပိုက်ထားသော တစ်ခုတည်းသော ဒေသမြို့တော်ဖြစ်သည်။ 

ပင်လယ်နက်တွင် တည်ရှိသည့် ယင်း ဆိပ်ကမ်းမြို့၌ မြို့လယ်ရင်ပြင်တွင် ယူကရိန်းနိုင်ငံတော်သီချင်းကို ဖွင့်လှစ်ထားပြီး မီးပုံပတ်လည်၌ လူအုပ်စုငယ်တစ်စုက လိုက်လံသီဆိုနေသည့် ဗီဒီယိုကို ယူကရိန်းလွှတ်တော်က လူမှုမီဒီယာတွင် ပြသခဲ့သည်။ 

“အထူးတပ်တွေ မြို့ထဲ ရောက်နေပြီး ဖြစ်တယ်”ဟု ဒေသခံများနှင့်အတူ စုရုံးနေဟန်ရှိသော ယူကရိန်းတပ်များ၏ ဓာတ်ပုံကို တယ်လီဂရမ်၌ ဖော်ပြပြီး ဇယ်လန်းစကီးက ရေးသားသည်။ 

ခါဆွန်ဒေသည် “ယူကရိန်း ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလနေပြီဖြစ်ပြီး ယူကရိန်းစစ်တပ်တပ်ရင်းများက မြို့ထဲသို့ ဝင်ရောက်နေပြီ”ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့အစောပိုင်းကတည်းက ပြောထားခြင်း ဖြစ်သည်။ 

“ခါဆွန်မြို့မှ ရုရှစစ်မှုထမ်း ၃၀,၀၀၀ ကျော်နှင့် စစ်လက်နက်ပစ္စည်းပေါင်း ၅,၀၀၀ ခန့်ကို ရုပ်သိမ်းပြီးဖြစ်ကြောင်း” ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ခါဆွန်မြို့သည် ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းအား ကျူးကျော်ရန် ရုရှတပ်များအား သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးပြီးသည့်နောက် ပထမဆုံး ကျဆုံးခဲ့သည့် မြို့ပြအရပ်ဒေသပဲ ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly