ကနေဒါ၏ အဓိကရုပ်သံလွှင့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် CBC News က ပေကျင်းသတင်းရုံးခွဲကို ပိတ်ပစ်

By Just Earth News
11 November 2022
ကနေဒါ၏ အဓိကရုပ်သံလွှင့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် CBC News က ပေကျင်းသတင်းရုံးခွဲကို ပိတ်ပစ်

ကနေဒါ၏ အဓိကရုပ်သံလွှင့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် CBC News သည် တရုတ်တွင် နှစ်ပေါင်း ၄၀ ကျော် ကြာ လည်ပတ်ပြီးနောက် ပေကျင်းမြို့တော်ရှိ သတင်းရုံးခွဲကို ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

သတင်းထောက်အလုပ်ဗီဇာအတွက် ထပ်ခါတလဲလဲ တောင်းဆိုမှုများကို တရုတ်အစိုးရတာဝန်ရှိသူများက လျစ်လျူရှုမှုကြောင့် ရုံးကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဌာနက ပြောကြားခဲ့သည်။

"ဂျာနယ်လစ်တွေကို ကြိုဆိုပြီး စာနယ်ဇင်းဆိုင်ရာ စိစစ်မှုကို လေးစားတဲ့ တခြားနိုင်ငံတစ်ခုမှာ အလွယ်တကူ တည်ထောင်နိုင်ချိန်မှာ ဝန်ထမ်းမရှိတဲ့ ရုံးခန်းကို ဒီမှာအလွတ်ကြီးထားစရာမလိုတော့ပါဘူး" ဟု CBC News အယ်ဒီတာချုပ် ဘရိုဒီဖန်လိုက အဆိုပါအပြောင်းအရွှေ့ကို နိုဝင်ဘာ ၂ရက်တွင် ဘလော့ဂ်တစ်ခုတွင် ကြေညာခဲ့သည်။

"ပေကျင်းရုံးခွဲကို ပိတ်လိုက်တာက ကျွန်တော်တို့ မလုပ်ချင်ပေမယ့် မလွှဲသာလို့ လုပ်လိုက်ရတာပါ" ဟု ဖန်လိုက ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ်အောက်တိုဘာလမှစတင်၍ မွန်ထရီရယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးသို့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီး CBC ၏ ပြင်သစ်ဘာသာစကားဆိုင်ရာ သတင်းသမား Radio-Canada မှ သတင်းထောက် ဖိလစ်လက်ဘ်လန်အား ဗီဇာပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း မထူးခြားသဖြင့် ယင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဧပြီလတွင် ကနေဒါဆိုင်ရာ တရုတ်သံအမတ်ကြီး ချုံပေဝူထံ စာတစ်စောင်ရေးသားကာ နောက်ထပ် ကြိုးပမ်းမှု တစ်ခု ပြုလုပ်ခဲ့ရာ၊ စာကိုလက်ခံရရှိကြောင်း ဆိုသော်လည်း အကြောင်းမထူးခဲ့ကြောင်း ဖန်လွန်က ပြောကြားခဲ့ သည်ဟု CBC News က ဖော်ပြခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကိုတုံ့ပြန်သည့်အနေဖြင့် တရုတ်တွင် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ပြီးနောက် CBC ၏ နောက်ဆုံးပေကျင်းသတင်းထောက် ဆာဆာပက်ထရစ်စီသည် ကနေဒါသို့ ပြန်လာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required