ပြည်ပရောက်တရုတ်နိုင်ငံသားများကို ကာကွယ်ပေးခြင်းနှင့် BRI စီမံကိန်းများက တရုတ်၏ ထိပ်တန်းဦးစားပေးလုပ်ငန်းများ ဖြစ်လာ

ပြည်ပရောက်တရုတ်နိုင်ငံသားများကို ကာကွယ်ပေးခြင်းနှင့် BRI စီမံကိန်းများက တရုတ်၏ ထိပ်တန်းဦးစားပေးလုပ်ငန်းများ ဖြစ်လာ

တရုတ်ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ အကောင်းမမြင်သော သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူတို့၏ သဘောထား များကြီးထွားလာခြင်းနှင့် တရုတ်နိုင်ငံသားများနှင့်ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အပေါ် တိုက်ခိုက်မှုများ များပြားလာချိန်တွင် ဘေးကင်းရေးနှင့် လုံခြုံရေးသည် တရုတ်နိုင်ငံ၏ ဦးစားပေးအစီအစဉ်များဖြစ်လာသည်။

တရုတ်နိုင်ငံသည် နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများနှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများကို ကာကွယ် ပေးရေးအတွက် လုံခြုံရေးကုမ္ပဏီများကို ဖြန့်ကျက်ချထားရန် ချိန်ဆလျက်ရှိကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

သမ္မတရှီကျင့်ဖျင်က အဆိုပါကိစ္စနှင့်ပတ်သက်၍ ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက်ညီလာခံတွင် အရိပ်အမြွက်ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများသည် နိုင်ငံအများအပြားတွင် အကြမ်းဖက်သမားများနှင့် မကျေနပ်သည့်အဖွဲ့များ၏ ဖျက်ဆီးမှုအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

“နိုင်ငံရပ်ခြားလုံခြုံရေးနဲ့ ပြည်ပက တရုတ်နိုင်ငံသားတွေနဲ့ ဥပရေးရာအဖွဲ့တွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်ကို မြှင့်တင်သွားမှာပါ” ဟု အကြိမ် ၂၀ မြောက် ပါတီညီလာခံတွင် တရုတ်သမ္မတက ပြောကြားခဲ့သည်။

အကြမ်းဖက်သမားများနှင့် မကျေနပ်သောအင်အားစုများ၏ တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများနှင့် ပတ်သက်သည့် ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ တောင်ဆူဒန်နှင့် လစ်ဗျားတို့ရှိ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများနှင့် ပါဝင်ပတ်သက်နေသူများအတွက် လုံခြုံရေး အားကောင်းစေရန် လုပ်ဆောင်မည့် တရုတ်နိုင်ငံ၏ ဆန္ဒကို ရှင်းရှင်းလင်းလင်း ဖေါ်ပြလိုက်ခြင်းဖြစ်ကြောင်း The HK Post တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် ဝန်ထမ်းပေါင်း ၄ သန်းကျော်ခန့်ထားသော လုံခြုံရေးကုမ္ပဏီပေါင်း ၅ ၀၀၀ သည် အစိုးရထံ မှတ်ပုံတင်ထားသည်။

လုံခြုံရေးကုမ္ပဏီ ၂၀ ခန့်သည် ပြည်ပတွင် လုပ်ကိုင်ခွင့်လိုင်စင်ရထားသည်။ တခြားနိုင်ငံများတွင် တရုတ်စစ်သားများတပ်ဖြန့်ခြင်း သို့မဟုတ် ရဲဝန်ထမ်းများခန့်အပ်ခြင်းသည် သံတမန်လမ်းကြောင်းများ ရှုပ်ထွေးသောကြောင့် ပြည်ပတွင် အင်အားပြသရန် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် တရုတ်နိုင်ငံအတွက် ကောင်းစွာ နေရာယူထားနိုင်သည့် လက်နက်များဖြစ်လာသည်ဟု ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ၏ ယခုနှစ် ဇန်နဝါရီလတွင်ထုတ်ပြန်သော လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required