အနောက်အာဖရိကရှိ တရုတ်၏ အခြေခံအဆောက်အအုံစီမံကိန်းများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေ

By ANI
11 November 2022
အနောက်အာဖရိကရှိ တရုတ်၏ အခြေခံအဆောက်အအုံစီမံကိန်းများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေ

အာဖရိကတိုက်ရှိ တရုတ်၏ ကြွေးမြီတိုးစေသော အခြေခံအဆောက်အအုံစီမံကိန်းများသည် ဒေသတွင်း၌ ပြင်းထန်သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။

တရုတ်သည် မတူညီသော ကဏ္ဍများမှတစ်ဆင့် အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။ စီးပွားရေးကဏ္ဍတွင် ပေါ်ပေါက်လာသော စိုးရိမ်မှုများအနက် အဓိကအချက်မှာ အရေးပါသော ဒေသများ၌ တရုတ်စီမံကိန်းများကြောင့်ဖြစ်သော ပျက်စီးမှုများဖြစ်သည်ဟု The Citizen သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်သည် ဆီနီဂေါ၊ ဂါနာ၊ ဆီယာရာလီယွန်၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ ဂမ်ဘီယာနှင့် တိုဂိုအပါအဝင် အနောက်အာဖရိကနိုင်ငံများကို စတင်အာရုံစိုက်နေပြီဖြစ်သည်။ အဆိုပါနိုင်ငံအများစုတွင် ထုတ်မသုံးရသေးသော သဘာဝသယံဇာတများရှိနေပြီး တရုတ်က အရံသိုလှောင်မှုလိုအပ်ချက်အတွက် အသုံးချရန် မျက်စိကျနေဖွယ်ရှိသည်။

ဂမ်ဘီယာနိုင်ငံတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဂမ်ဘီယာအသိုက်အဝန်းအတွင်း တရုတ်ကုမ္ပဏီများအပေါ် မကျေနပ်မှုများကြီးထွားလာရသည့် အဓိကအကြောင်းရင်းမှာ ဂန်ဂျာ ကမ်းခြေရှိ ရေညစ်ညမ်းမှုကြောင့် ဖြစ်ကြောင်း The Citizen က ဖော်ပြခဲ့သည်။

တရုတ်ပိုင် ငါးစားသောက်ကုန်ကုမ္ပဏီသည် ၂၀၁၆ ခုနှစ် ထိုဒေသတွင် စက်ရုံတစ်ခု စတင်တည်ဆောက်ခဲ့ပြီး စွန့်ပစ်အညစ်အကြေးများကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် ငါးအများအပြား သေဆုံးကာ ကမ်းခြေတွင် သောင်တင်နေခဲ့သည်။

ညစ်ညမ်းမှု စတင်ပျံ့နှံ့လာပြီးနောက် ရေအရောင်ပြောင်းလဲလာကာ ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန်များ သေဆုံးမှု စတင်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ အစိုးရက ၎င်းကိစ္စကို အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အခါ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။

ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် ဒေသ၏ ရေအောက်ကြမ်းပြင်နှင့် ရေနေသတ္တများ၏အသက်ကို ဆိုးကျိုးဖြစ်စေသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ဆီယာရာလီယွန်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

တရုတ်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ သစ်နီပင် ၅ သိန်းခန့်ကို တင်သွင်းခဲ့သည်။ မာလီနိုင်ငံသည် တမလန်းသစ်များခုတ်ခြင်းကို ၂၀၂၀ ခုနှစ်တွင် တားမြစ်လိုက်ပြီး နောက်ပိုင်းတွင် ပြန်ရုပ်သိမ်းခဲ့ကာ တင်ပို့မှုကို ပိတ်ပင်လိုက်သည်။ သို့သော် တရုတ်သည် အကြီးပိုင်းအရာရှိများကို လာဘ်ထိုးခြင်းဖြင့် တားမြစ်သစ်များကို ဆက်ယူနေကြောင်း ဒေသတွင်းမှ စုံစမ်းစစ်ဆေးသူများက ပြောသည်။

တရုတ်နိုင်ငံပိုင် China International and Water Electric ကုမ္ပဏီသည် ယူဂန်ဒါနိုင်ငံရှိ White Nile မြစ်ပေါ်၌ Isimba ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စတင်တည်ဆောက်ခဲ့သည်။ ယင်းစက်ရုံသည် သဘာဝ ထိန်းသိမ်းရေးနယ်မြေများနှင့် သက်ရှိများပျက်စီးစေနိုင်သည်ဟု ထပ်ခါတလဲလဲ သတိပေးထားသော်လည်း တည်ဆောက်မှုကို စတင်ခဲ့သည်။

တရုတ်အစိုးရပိုင်ကုမ္ပဏီများ၏ အာဖရိကရှိ စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစံနှုန်းများနှင့် မကိုက်ညီကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့အစည်း International Rivers က ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် သတိပေးထားသည်။

စီမံကိန်းများကြောင့် ဖြစ်သော ဂေဟစနစ်ပျက်စီးမှုများသည် လက်ခံနိုင်ငံ၏ စီးပွားရေးနှင့် ဗျူဟာမြောက် အားသာချက်ကို အဆုံးသတ်စေနိုင်သောကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ကြောင်း The Citizen က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required