ရှင်ကျန်း၌ တရုတ်၏လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂ ဝေဖန်

By ANI
11 November 2022
ရှင်ကျန်း၌ တရုတ်၏လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂ ဝေဖန်

ရှင်ကျန်းဒေသမှ တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော စိုးရိမ်စရာများကို ကုလသမဂ္ဂ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုလသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်များ အဖွဲ့သည် အနောက်ပိုင်းရှင်ကျန်းဒေသများ၌ တရုတ်ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။ တရုတ်သည် ခွဲခြားဆက်ဆံသော လက္ခဏာရပ်ဖြစ်သည့် ဆိုးရွားပြင်းထန်သော ကန့်သတ်ချက်များကို အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိပြီး ထိုလုပ်ရပ်များက ဝီဂါနှင့် တခြား မွတ်စလင်အများစုရှိသော အသိုက်အဝန်းများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သက်ရောက်မှုရှိကြောင်း Bangkok Post ကဖော်ပြသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ရှင်ကျန်းရှိ ဝီဂါနှင့် အခြားသော တာကစ်မွတ်စလင် လူနည်းစုများ၏ အခြေအနေအား တင်ပြချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်မှုပုံစံများ၊ အတင်းအဓမ္မ ဆေးကုသမှုခံယူစေမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာနှင့် အမျိုးသမီးများပေါ် အကြမ်းဖက်မှုများ၊ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများနှင့် ဘာသာရေးဆိုင်ရာ နေရာများကို ဖျက်ဆီးမှုဆိုင်ရာ အထောက်အထားများကို OHCHR က တွေ့ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ထို့ပြင် လူပေါင်း ၁ သန်းကျော်ကို ထားရှိရန် ထိန်းသိမ်းရေးစခန်းများနှင့် ပြန်လည်ပညာပေးရေးစခန်းများ အသုံးပြုမှုကိုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ ရှင်ကျန်းတွင် ဘာသာရေး သို့မဟုတ် ကိုးကွယ်ယုံကြည်မှု၊ အသင်းအဖွဲ့ ဖွဲ့စည်းမှုနှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လွတ်လပ်ခွင့်များအပေါ် ပြင်းထန်သော ကန့်သတ်ချက်များထားသည်ဆိုသော သတင်းများသည် ၂၀၁၇ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပြင်ပမှ

သတင်းရင်းမြစ်အများအပြားက ထိုအကြောင်းအရာများကို ပိုမိုခိုင်မာစေခဲ့သည်ဟု ထုတ်ပြန်ချက်ပါ ကုလသမဂ္ဂအဖွဲ့ဝင်များ၏ ပြောကြားချက်ကို Bangkok Post ကဖော်ပြခဲ့သည်။

လူနည်းစုအရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဖာနန်နီဗာရန်နက်စ်က ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော OHCHR အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုများအနက် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများ၊ သားကြောဖြတ်ခိုင်းခြင်းနှင့် အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့်ပတ်သက်သော အမြင်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အလားတူ လူ့အခွင့်အရေးကိစ္စရပ်များကိုင်တွယ်သော ကုလသမဂ္ဂ၏ တတိယကော်မတီ၌ နိုင်ငံပေါင်း ၅၀ က တရုတ်၏ မတရားနှိပ်စက်ညှင်းပန်းမှုများကို အပြင်းအထန်ရှုတ်ချကြောင်း အောက်တိုဘာ ၃၁ က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required