နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင်တော့မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင်တော့မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ
Photo: AFP

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို  လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့ကစတင်ပြီး  ကာတာနိုင်ငံမှာ ကျင်းပတော့မှာပါ။

ဒါဟာ အာရပ် မြေပေါ်မှာ ပထမဆုံး အကြိမ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ပါတယ်။

၂၂ ကြိမ်မြောက် ရှိလာပြီဖြစ်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ကြည့်ရှုအားပေးဖို့ ကမ္ဘာတဝှမ်းလုံးမှာ ရှိကြတဲ့ ဘောလုံး ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေစစ်ပွဲအောင်မြင်ထားတဲ့ နိုင်ငံအသီးသီးကို ကိုယ်စားပြု ဘောလုံးအသင်း ၃၂ သင်းက အုပ်စု ၈ စုခွဲပြီး ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းတွေဟာလည်း သူတို့ရဲ့ အပြီးသတ် လူစာရင်းတွေကို ထုတ်ပြန်ကြေညာထားကြပြီးပါပြီ။

၂၀၂၂ ကမ္ဘာဖလားရဲ့ အုပ်စုအဆင့် ပြိုင်ပွဲတွေကိုတော့ နိုဝင်ဘာ လ ၂၀ ရက်နေ့က စတင်ပြီး ဒီဇင်ဘာလ၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမှာပါ။

အဲ့ဒါပြီးတဲ့နောက် ရှုံးထွက် အဆင့် ပြိုင်ပွဲတွေကိုတော့ ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့ အထိ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

အခု တကြိမ်ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်ပေါင်း ၆၄ ပွဲ ရှိပြီး ပွဲစဉ်တွေကိုတော့ ကာတာနိုင်ငံရဲ့ နေရာ ၈ နေရာမှာရှိတဲ့ ဘောလုံးကွင်းတွေမှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ဒါပေမယ့် ပြိုင်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့်  ကာတာနိုင်ငံအနေနဲ့ လူသွားလမ်းတွေ၊ ပရိသတ်တွေအတွက် သီးသန့်နေရာတွေ တည်ဆောက်တဲ့နေရာမှာ နှောင့်နှေးမှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ မီဒီယာတွေက   ဖော်ပြနေကြပါတယ်။

  ကာတာနိုင်ငံ ဝန်ကြီးချုပ်နဲ့ကာတာ ကမ္ဘာဖလားကျင်းပရေး တာဝန်ရှိသူတွေကတော့ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားကို လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး အထင်ကရ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျောက် အအောင်မြင်ဆုံး အသင်းကတော့ ဘရားဇီးအသင်းဖြစ်ပြီး  ကမ္ဘာ့ဖလားကို ၅ ကြီမ်အထိ ရရှိထားခဲ့တာပါ။

အခု လာမယ့် ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရားဇီးအသင်းကပဲ ဗိုလ်စွဲမယ်ဆိုပြီး ရေပန်းစားမှုတွေနဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly