အနောက်နိုင်ငံများကို ရန်စရာရောက်နိုင်သော်လည်း ရုရှားနှင့်တရုတ်တို့ မဟာမိတ်ဖြစ်ရန် နီးစပ်လာ

By Newsweek
09 November 2022
အနောက်နိုင်ငံများကို ရန်စရာရောက်နိုင်သော်လည်း ရုရှားနှင့်တရုတ်တို့ မဟာမိတ်ဖြစ်ရန် နီးစပ်လာ

ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေချိန်၌ အနောက်အုပ်စုကို ရန်စရာရောက်မည်စိုးသော်လည်း ရုရှားနှင့် တရုတ်တို့သည် မဟာမိတ်ဖွဲ့ရေးသို့ ဦးတည်နေကြောင်း ပင်တဂွန်၏မူဝါဒရေးရာအကြီးအကဲ ကောလင်းခါးလ်က ပြောသည်။

ရုရှား-တရုတ်ဆက်ဆံရေးသည် နက်ရှိုင်းလာမည်ဟု ကမ္ဘာ့နိုင်ငံများအနေဖြင့် မျှော်လင့်ထားသင့်ကြောင်းနှင့် ၎င်းတို့ဆက်ဆံရေးမှာ အပေါ်ယံထက် သာလွန်နေကြောင်းကို စက်တင်ဘာလက နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုက သက်သေပြလျက်ရှိကြောင်း သမ္မတဂျိုးဘိုင်ဒင်၏ ကာကွယ်ရေးမူဝါဒဆိုင်ရာလက်ထောက် အတွင်းရေးမှူး ခါးလ်က ပြောသည်။

“သူတို့ဟာ အပေါ်ယံမိတ်ဆွေဖြစ်မှုနဲ့မတူတဲ့ မဟာမိတ်ပုံစံဆီ သွားနေတယ်ဆိုတာ အချက်ပြဖို့ အမှန်တကယ် ဆန္ဒရှိနေကြတယ်” ဟု ခါးလ်က ဆိုသည်။

ဖေဖော်ဝါရီလအစောပိုင်းက ရုရှားတပ်များ ယူကရိန်းနယ်စပ်သို့ အများအပြားရောက်ရှိနေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် အကန့်အသတ်မရှိ ဆက်ဆံရေးကို ခိုင်မာစေခဲ့သော်လည်း တရုတ်သည် တရင်းတနှီး မိတ်ဖက်ပြုရမည်ကို စိုးရိမ်နေဆဲဖြစ်ကြောင်း ခါးလ်က ပြောသည်။

“တရုတ်က ရုရှားကို စစ်ရေးအရ ပွင့်ပွင့်လင်းလင်းထောက်ခံဖို့ အရမ်းကြီး သိသိသာသာ လုပ်မှာမဟုတ်ပါဘူး။ အကန့်အသတ်မရှိ ဆက်ဆံရေးရှိပေမယ့် အနည်းဆုံး ဆက်ဆံရေးကဏ္ဍအတော်များများကို အများက မြင်တွေ့နေတာမို့ တရုတ်က အဲဒီဆက်ဆံရေးကို စိုးရိမ်ကြောက်ရွံ့နေတယ်” ကောလင်းခါးလ်က ပြောသည်။

တရုတ်နှင့်ရုရှားဆက်ဆံရေးတွင် မြင်သာသော ကန့်သန့်ချက်တချို့လည်းရှိနေသည်။ ယူကရိန်းစစ်ပွဲတွင် နျူကလီးယားလက်နက်သုံးရန် ပူတင်က ခြိမ်းခြောက်သော်လည်း ရှီက မသုံးမပြုရန် ရုရှားကို သတိပေးခဲ့ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုးလက်ဖ်ရှိုးနှင့်ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊

ရုရှားသည် ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ၏ရှုတ်ချမှုကို ခံနေရသဖြင့် သွားစရာမရှိတော့သောကြောင့် မဟာမိတ်ရှာဖွေနေချိန်မှာ တရုတ်က အမေရိကန်အင်အားကို ဆန့်ကျင်ရန် ရုရှားကို အားပေးအားမြှောက်

ပြုလျက်ရှိကြောင်းနှင့် ရုရှားသည် စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးအရ တရုတ်ထောက်ပံ့မှုအပေါ် အလုံးစုံ အားကိုးကြောင်း ကောလင်းခါးလ်က ပြောသည်။

ရှီနှင့် ပူတင်တို့သည် လာမည့်သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်သမ္မတဘိုင်ဒင်ကလည်း အဆိုပါထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြား တရုတ်၏ လတ်တလောလှုပ်ရှားမှုများနှင့် ယူကရိန်း၌ ရုရှားဆင်နွှဲနေဆဲဖြစ်သော စစ်ပွဲများနှင့်ပတ်သက်သည့် သတင်းစကားများကို အလေးထားပြောမည်ဖြစ်ကြောင်း အကြီးတန်းအစိုးရအရာရှိ ၃ ဦးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly