ပါကစ္စတန် စစ်တပ်အကြီးအကဲ အကန့်အသတ်မရှိ ရာထူးသက်တမ်းတိုးခွင့်ကို ဝန်ကြီးချုပ်ဟောင်းက ကမ်းလှမ်းခဲ့ဖူးကြောင်း ထောက်လှမ်းရေးအကြီးအကဲ ပြောကြား

By Daily Hunt
08 November 2022
ပါကစ္စတန် စစ်တပ်အကြီးအကဲ အကန့်အသတ်မရှိ ရာထူးသက်တမ်းတိုးခွင့်ကို ဝန်ကြီးချုပ်ဟောင်းက ကမ်းလှမ်းခဲ့ဖူးကြောင်း ထောက်လှမ်းရေးအကြီးအကဲ ပြောကြား

ပါကစ္စတန်နိုင်ငံတွင် စစ်တပ်အကြီးအကဲသစ် မည်သူ ဖြစ်လာမည် ဆိုသည်နှင့်ပတ်သက်ပြီး ထင်ကြေးပေးမှန်းဆမှုများ ထွက်ပေါ်နေစဉ် လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါသည် ပြီးခဲ့သည့် မတ်လက ‘အကန့်အသတ်မရှိ ရာထူးသက်တမ်းတိုးရန်’ ကမ်းလှမ်းခံခဲ့ရကြောင်း ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ နာဒီးမ် အန်ဂျမ်က ပြောကြားလိုက်သည်ဟု မီဒီယာ သတင်းများက ဖော်ပြသည်။

ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ၎င်း၏ အစိုးရအဖွဲ့ကို ကယ်တင်ရန် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါကို စစ်တပ်အကြီးအကဲအဖြစ် အချိန်ကာလ အကန့်အသတ်မဲ့ ဆက်ရှိနေစေရန် မည်သို့မည်ပုံ ကမ်းလှမ်းခဲ့ကြောင်းကို ဗိုလ်ချုပ်ကြီး နာဒီးမ်က ပြောခဲ့ခြင်းဖြစ်ကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါနှင့် စစ်တပ်အဖွဲ့အစည်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်း မရှိသည့် လုပ်ရပ်များကို လုပ်ဆောင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အီမရန် ခန်းဘက်က စစ်တပ်ခေါင်းဆောင်ပိုင်းအပေါ် ဒေါသထွက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး နာဒီးမ်က ပြောသည်။

ပါကစ္စတန် ထောက်လှမ်းရေး အကြီးအကဲ နာဒီးမ် အန်ဂျမ်သည် ကင်ညာနိုင်ငံ၌ ပါကစ္စတန်အကြီးတန်း ဂျာနယ်လစ် အာရှက်ဒ် ရှာရစ် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် ပဟေဠိများနှင့်ပတ်သက်၍ မကြံစဖူး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ထိပ်ပိုင်း အာဏာပိုင်ခေါင်းဆောင်များ၏ အမည်ကို သုံးကာ မမှန်မကန် ထုတ်ပြန်ချက်များ လုပ်ဆောင်နေသည် ဆိုသည့်အပေါ် ထောက်လှမ်းရေးအကြီးအကဲက တိုက်ရိုက် တုံ့ပြန်လိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required