တရုတ်သမ္မတရှီ ပါတီခေါင်းဆောင်များနှင့်အတူ ယန်အန်ရှိ တော်လှန်ရေးအခြေစိုက်စခန်းဟောင်းသို့ သွားရောက်

တရုတ်သမ္မတရှီ ပါတီခေါင်းဆောင်များနှင့်အတူ ယန်အန်ရှိ တော်လှန်ရေးအခြေစိုက်စခန်းဟောင်းသို့ သွားရောက်

တရုတ်ကွန်မြူနစ်ပါတီ (CPC ) ဗဟိုကော်မတီနိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်များကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဦးဆောင်ပြီး တရုတ်အနောက်မြောက်ပိုင်းရှန်စီပြည်နယ်ရှိ တော်လှန်ရေးအခြေစိုက်စခန်းဟောင်း ယန်အန်းသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီသည် နိုဝင်ဘာ ၃ရက်တွင် CPC ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ခဲ့ကြောင်း ဆင်ဟွာက ဖော်ပြသည်။

ကွန်မြူနစ်ပါတီ ၇ ကြိမ်မြောက် အမျိုးသားညီလာခံကျင်းပရာနေရာ၊ ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ကြီး မော်စီတုံး၏ နေအိမ်ဟောင်းနှင့် CPC ဗဟိုကော်မတီ အခြေစိုက်ခဲ့သည့် ၁၃ နှစ်တာကာလအတွင်း သမိုင်းကြောင်း ကို ဖော်ပြထားသည့် ယန်အန်တော်လှန်ရေးအထိမ်းအမှတ်ခန်းမတွင် ပြုလုပ်သည့် ပြပွဲတစ်ခုသို့ သွားရောက်ခဲ့ကြသည်။

မော်စီတုံး၏ ကွန်မြူနစ်ပါတီက နိုင်ငံတော်အာဏာရယူရာတွင် အောင်မြေဖြစ်ခဲ့သည့် ယန်အန်သို့ ၎င်း၏ အသစ် ခန့်အပ်ထားသော ထိပ်တန်းအရာရှိများနှင့်အတူ သွားရောက်ခြင်းက ယင်းခရီးစဉ်သည် အထိမ်းအမှတ် ကွင်းဆင်းခရီးစဉ်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

"မော်က တပ်နီတော်တပ်ဖွဲ့များကို ဦးဆောင်ခဲ့သည့် ဂူထဲမှာ ရပ်နေသည့် ဆယ်စုနှစ်များအတွင်း တရုတ်၏ သြဇာအကြီးဆုံး ခေါင်းဆောင်က သစ္စာစောင့်သိမှု၊ ကြိုးစားမှုနှင့် အနစ်နာခံမှုများ လိုအပ်ကြောင်း သတိပေး ခဲ့သည်။ တက်ရောက်လာသည့် ခေါင်းဆောင်များကို ပါတီက ယန်အန်စိတ်ဓာတ်ကို ရှေ့တန်းတင်ရမည် ဖြစ်ကြောင်း သတိပေးသည်” ဟု အမေရိကန်သတင်းစာက ထပ်လောင်း ဖော်ပြခဲ့သည်။

တရုတ်စီးပွားရေးနှင့် လုပ်ငန်းအဖွဲ့အစည်းများဆိုင်ရာ စတန်းဖို့စင်တာမှ အကြီးတန်း သုတေသနပညာရှင် ကော်ကန်ဝူက ရှီသည် မော်၏ အစဉ်အလာကို ဆက်ခံကြောင်း အလေးပေးဖော်ပြခဲ့ကြောင်း ဆိုသည်။

“၁၉၄၀ ပြည့်လွန်နှစ်တွေမှာ မော်ရဲ့ခေါင်းဆောင်မှုအောက်မှာလိုပဲ သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ ပါတီက သူတို့လိုချင်တာမှန်သမျှကို ရနိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် ရှီကျင့်ဖျင်သည် ပါတီဗဟိုခေါင်းဆောင်မှုအသစ်ကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ကိုယ်စားပြုတက်ရောက်ခဲ့ပြီး နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် သမိုင်းဝင် တတိယမြောက် သက်တမ်းကို ရယူခဲ့သည်။

ရှီ၏ ထိပ်တန်းလက်ထောက်များကို CPC ၏ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly