ပါကစ္စတန်က ဒရုန်းဖြင့် လက်နက်နှင့် မူးယစ်ဆေးများ မှောင်ခိုသွင်းရန် လုပ်ဆောင်နေဟု အိန္ဒိယ စွပ်စွဲ

By The Print
07 November 2022
ပါကစ္စတန်က ဒရုန်းဖြင့် လက်နက်နှင့် မူးယစ်ဆေးများ မှောင်ခိုသွင်းရန် လုပ်ဆောင်နေဟု အိန္ဒိယ စွပ်စွဲ

ပါကစ္စတန်သည် ဒရုန်းများ အသုံးပြုပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံဘက်သို့ မှောင်ခိုသွင်း၊ ထုတ်သည့် နည်းလမ်းသစ်တစ်ခုကို စတင်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ ရဲမှူးချုပ် ဒီလ်ဘက်ဂ် ဆင်းဂ်က ပြောသည်။

ပါကစ္စတန်၏ ယုတ်မာသော အကြံအစည်များက မည်သူ့ကိုမှ ဖုံးကွယ်ထား၍ မရကြောင်း ဒီလ်ဘက်ဂ် ဆင်းဂ်က အောက်တိုဘာ ၃၁ ရက် စရီနာဂါတွင် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြောသည်။

“ပါကစ္စတန်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေက ဘယ်သူ့ကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့ဟာ လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့ လက်လုပ်မိုင်းတွေကို မှောင်ခိုသွင်း၊ ထုတ်ဖို့ ဒရုန်းအသုံးပြုတဲ့ နည်းလမ်းသစ်တစ်ခုကို စတင်လုပ်ဆောင်နေတာပါ” ဟု ဒီလ်ဘက်ဂ် ဆင်းဂ်က ပြောသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် လက်ရှ်ကာ-အီ-တိုင်ဘာ (LeT) အကြမ်းဖက်အဖွဲ့နှင့် ပါကစ္စတန် အစိုးရဌာန များ၏ ပူးပေါင်းကြိုးပမ်းမှုများ ဖြစ်ကြောင်း ဒီလ်ဘက်ဂ် ဆင်းဂ်က ပြောသည်။

အိမ်နီးချင်း ပါကစ္စတန်ဘက်က အိန္ဒိယ နယ်နိမိတ်ထဲသို့ ပို့ဆောင်ရန် ကြိုးပမ်းသည့် ဒရုန်းများကို မိမိတို့ တပ်ဖွဲ့များက အမြဲတစေ ဟန့်တားလျက် ရှိကြောင်း ၎င်းက ပြောသည်။

“ပါကစ္စတန်ဟာ ဒရုန်းသုံးပြီး လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးတွေကို ပို့ဆောင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အမြဲတမ်း အဲဒါတွေကို တိုက်ဖျက်တားဆီးနေပါတယ်။ မနေ့ညတုန်းကဆိုရင် ဂျမူး ဧရိယာထဲမှာ ဒရုန်းတစ်စင်းကို ပစ်ချခဲ့ရပါတယ်။ ပါကစ္စတန်ဟာ ဂျမူး၊ ကက်ရှ်မီးယား ဒေသရဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖို့ ဆက်ပြီး ကြိုးစားနေပါတယ်။ ဒါပေမယ့် ပါကစ္စတန်ကို တန်ပြန်မယ့် ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကလည်း ခိုင်မာအားကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required