ကိုဗစ်ထိန်းချုပ်မှုများကို ကန့်ကွက်ဆန္ဒပြမှုဖြင့် တိဗက်မြို့တော် လာဆာတွင် လူ ၂၀၀ ဖမ်းဆီးခံရ

ကိုဗစ်ထိန်းချုပ်မှုများကို ကန့်ကွက်ဆန္ဒပြမှုဖြင့် တိဗက်မြို့တော် လာဆာတွင် လူ ၂၀၀ ဖမ်းဆီးခံရ

ကိုဗစ်ရောဂါ ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများကြောင့် အစားအစာနှင့် ဆေးဝါးများ လုံလောက်မှုမရှိဘဲ နေအိမ်များအတွင်း၌သာ နေထိုင်ရခြင်းအပေါ် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် တိဗက်မြို့တော် လာဆာတွင် ဒေသခံ ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၆ ရက်က ဖြစ်ပွားခဲသည့် ဆန္ဒပြမှုတွင် ဟန်တရုတ်လူမျိုးများနှင့် လာဆာမြို့တော်တွင် နေထိုင်သည့် တိဗက်များပါဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း အဆိုပါ မြို့တော်တွင် အကြီးဆုံး ဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒပြပွဲဖြစ်ပွားပြီးနောက် တရုတ်အာဏာပိုင်များက ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ တိဗက်သတင်းရင်းမြစ်များက RFA သို့ ပြောကြားခဲ့သည်။

“ဖမ်းဆီးခံရသူ အများအပြားက တရုတ်မျိုးနွယ်တွေ ဖြစ်ပေမယ့် တိဗက်ရဲ့ အခြားဒေသနဲ့ ချန်ဒူးကနေလာတဲ့ တိဗက်အများစု ပါဝင်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

ချန်ဒူးသည် တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်၏ မြို့တော်ဖြစ်သည်။

“သူတို့ကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆောက်လုပ်ရေးကုမ္ပဏီပိုင် အဆောက်အအုံတွေထဲမှာ ဖမ်းဆီးထားပါတယ်” ဟုလည်း သတင်းရင်းမြစ်က ထည့်သွင်းပြောကြားသည်။

ဖမ်းဆီးခံရသူများမှာ မည်သူမည်ဝါများဖြစ်ကြောင်း ပြင်ပမှလူများ သိရှိရန် ခက်ခဲကြောင်း အခြားတစ်ဦးက ပြောသည်။

“ဖမ်းဆီးရတဲ့ အဓိကအကြောင်းအရာကတော့ သူတို့က ဆန္ဒပြပွဲတွေကို ဦးဆောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အများစုကတော့ မြို့တော်အတွင်းက အလုပ်သမားလူတန်းစားတွေ ဖြစ်မှာပါ။ သူတို့ထဲမှာ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပါတယ်။ သူတို့အခြေအနေဘယ်လိုရှိလဲ မသိရပါဘူး၊ အစားအစာလည်း လောက်ငှရဲ့လား မသိဘူး” ဟု ၎င်းက ပြောကြားသည်။

ဟန်တရုတ်လူမျိုးအများအပြားကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးထားသည့် တိဗက်များကို အောက်တိုဘာ ၂၉ ရက်မတိုင်မီ ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ၎င်းတို့လွတ်မြောက်လာသည့် အထောက်အထား မတွေ့ရှိရသေးပေ။

တရုတ်နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရမှု စတင်မြင့်တက်လာပြီးနောက် လာဆာတွင် အသွားအလာ ပိတ်ဆို့မှုများကို ဩဂုတ်လမှ စတင်လုပ်ဆောင်ခဲ့သည်။ လုံလောက်သည့် ကြိုတင်ပြင်ဆင်ခွင့်မရရှိဘဲ ကန့်သတ်ပိတ်ဆို့မှုများကြောင့် အစားအစာမလုံလောက်ဖြစ်ကာ ဆေးဝါးများလည်း မရှိခဲ့ကြောင်း လာဆာ ဒေသခံများက လူမှုမီဒီယာများပေါ်တွင် ရေးသားခဲ့သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အောက်တိုဘာ ၂၉ ရက်အထိ ကိုဗစ်ရောဂါဖြစ်ပွားသူပေါင်း ၁၈၆၆၇ ဦးရှိခဲ့သည်ဟု တရုတ်အစိုးရ၏ တရားဝင်စာရင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required