တရုတ်ကွန်မြူနစ်ပါတီက တိဗက်တွင် အကြီးစားအချက်အလက်စင်တာ ဖွင့်လှစ်

By Tibet Rights Collective
07 November 2022
တရုတ်ကွန်မြူနစ်ပါတီက တိဗက်တွင် အကြီးစားအချက်အလက်စင်တာ ဖွင့်လှစ်

တိဗက်မြို့တော် လာဆာတွင် အချက်အလက်အများအပြားစုဆောင်းရာ စင်တာသစ်တစ်ခုကို စတင်ဖွင့်လှစ်ထားကြောင်း သတင်းများစွာ၌ ဖော်ပြထားသည်။ ၎င်းသည် ဒေသအဆင့် ပထမဆုံး အချက်အလက်စင်တာဖြစ်ပြီး ကြီးမားများပြားသောအချက်အလက်များ စုစည်းခြင်းနှင့် အသုံးပြုဝေမျှခြင်းများလုပ်ဆောင်ရန် တစ်ဆင့်တက်လှမ်းသွားမည်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။

အဆိုပါအချက်အလက်စင်တာသည် အစိုးရရေးရာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဆိုင်ရာအုပ်ချုပ်မှု၊ ပြည်သူများ၏အသက်မွေးဝမ်းကြောင်း၊ စျေးကွက်ကြီးကြပ်မှု၊ ဘဏ္ဍာရေး၊ နယ်စပ်သာယာဝပြောရေး၊ ဂေဟစနစ်ကာကွယ်ရေး၊ အရေးပေါ်မီးထိန်းချုပ်ရေးနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းအပါအဝင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို မြှင့်တင်ရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပြောသည်။

တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ် တိဗက်တွင် ကမ္ဘာ့အမြင့်ဆုံး cloud computing အချက်အလက်စင်တာကို တည်ဆောက်နေကြောင်းနှင့် ယင်းက နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ကဲ့သို့ တောင်အာရှနိုင်ငံများ၏ အချက်အလက်သိုလှောင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ကြေညာခဲ့သည်။

တရုတ်အာဏာပိုင်များသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တစ်လျှောက်ရှိ မြို့ရွာအများအပြားတွင် နေထိုင်သူများထံမှ DNA ကို မတရားစုဆောင်းခြင်း အပါအဝင် ထိန်းသိမ်းကြပ်မတ်မှုများ သိသိသာသာ တိုးမြှင့် လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

တရုတ်အာဏာပိုင်များသည် ၂၀၁၆ ခုနှစ်မှစ၍ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အကြမ်းဖျင်းအားဖြင့် DNA နမူနာပေါင်း ၉၁၉ ၂၈၂ နှင့် ၁ ၂၀၆ ၉၆၂ အကြား ကောက်ယူထားဖွယ်ရှိကြောင်း တိုရွန်တိုတက္ကသိုလ် The Citizen Lab မှ စက်တင်ဘာလတွင် ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် အနောက်နိုင်ငံများတွင် အဓိကလုပ်ငန်းနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ၏အကူအညီဖြင့် ရဲများကြီးကြပ်သော ကမ္ဘာ့အကြီးဆုံး DNA အချက်အလက်စုစည်းမှုကို လုပ်ဆောင်နေသည်ဟု Students For Free Tibet အဖွဲ့က ပြောသည်။

တရုတ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်နှင့် ဒေသအပေါ် ချုပ်ကိုင်မှုတင်းကျပ်ရန် ကြိုးစားလျက် အဓိကနည်းပညာရှင်ကြီးများသည် ဒေသတွင်းသို့ ကျုးကျော်ဝင်ရောက်ကာ ဉာဏ်ရည်တုနှင့် အချက်အလက် အများအပြားကို စီးပွားဖြစ် ပြောင်းလဲအသုံးချမည့်အခွင့်အရေးကို မည်သို့ချုပ်ကိုင်ထားကြောင်း Nikkei Asia က ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။

တရုတ်သည် ဉာဏ်ရည်တုနည်းပညာနှင့် ကြီးမားများပြားသော အချက်အလက်များ၏ စွမ်းဆောင်ရည်နှင့် အသုံးချနိုင်မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားကာ ယင်းက သိမ်းပိုက်ခံတိဗက်တွင် လက်ရှိစောင့်ကြည့်ရေးကွန်ရက်ကို အားကောင်းစေမည်ဖြစ်ကြောင်း ဤအချက်က ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly