တရုတ်နိုင်ငံအတွင်း ကိုဗစ်ကန့်သတ်ချက်များက iPhone ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း Apple ကုမ္ပဏီက သတိပေး

တရုတ်နိုင်ငံအတွင်း ကိုဗစ်ကန့်သတ်ချက်များက iPhone ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း Apple ကုမ္ပဏီက သတိပေး

Apple ကုမ္ပဏီက တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ iPhone 14 Pro နှင့် iPhone 14 Pro Max အဓိကထုတ်လုပ်ရာစက်ရုံ၌ ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် iPhone 14 ထုတ်လုပ်မှုကို ယာယီ လျှော့ချထားကြောင်း နိုဝင်ဘာ ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Foxconn ကုမ္ပဏီမှ ကြီးကြပ်သည့် အဆိုပါစက်ရုံတွင် ထုတ်လုပ်နိုင်စွမ်းသိသိသာသာလျော့ကျမည်ဟု Apple ကပြောသည်။ တင်ပို့မည့်ဖုန်းအရေအတွက် နည်းပါးမည်ဖြစ်ကြောင်းနှင့် ဖောက်သည်များက မှာယူသည့်အခါတွင်လည်း အချိန်ပိုကြာစွာစောင့်ဆိုင်းရမည်ဟု ဆိုသည်။

လိုအပ်ချက်ပြည့်မီရန် အခက်အခဲရှိသောကြောင့် ဒီဇင်ဘာ ၃ လပတ်တွင် ရောင်းချမည့် iPhones အရေအတွက် နည်းပါးနိုင်သည့် သတိပေးချက်ဖြစ်သည်။

တခြား iPhone မော်ဒယ်များထက် ဈေးမြင့်သော အမေရိကန်ဒေါ်လာ ၉၉၉ နှင့် ၁၀၉၉ တန်ဖိုးမှစသည့် မော်ဒယ်များသည် ဝယ်လိုအားဆက်လက်မြင့်မားကြောင်း Apple က ပြောသည်။

တရုတ်အာဏာပိုင်များသည် လွန်ခဲ့သော သီတင်းပတ်က Apple ၏ iPhone အဓိကထုတ်လုပ်ရာကုမ္ပဏီရှိသည့် ကျန်းကျိုးမြို့တွင် အသွားအလာပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ တရုတ်ရှိ စက်ရုံသည် ကိုဗစ်မူဝါဒများနှင့် ရောဂါဖြစ်ပွားမှုများကြောင့် အသွားအလာပိတ်ဆို့ခံထားရသော ဝန်ထမ်းများ ထွက်ပြေးသည့်ပြဿနာကိုလည်း ကိုင်တွယ်နေရကြောင်း Reuters ကဖော်ပြသည်။

တရုတ်သည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ထိုမူဝါဒအရ စက်ရုံများသည် ကျန်းကျိုးမြို့ iPhone စက်ရုံကဲ့သို့ အသွားအလာပိတ်ဆို့ထားခံထားရကာ အလုပ်သမားများမှာ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ထားသော အဆောင်များတွင် သီးခြားခွဲနေရပြီး အလုပ်လုပ်ကြရသည်။

ဈေးနည်းသော iPhone မော်ဒယ်များအတွက် တပ်ဆင်ထုတ်လုပ်ချိန် ၂ ရက်ကြာကာ iPhone 14 Pro များကို Apple ဝက်ဘ်ဆိုက်မှ မှာယူပါက လက်ရှိတွင် ၃၁ ရက်ကြာမည်ဟု JPMorgan ရင်းနှီးမြှုပ်နှံမှုဘဏ်ကုမ္ပဏီမှ လေ့လာသုံးသပ်သူ ဆာမစ်ချက်တာဂျီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required