ယူကရိန်းပြည်သူများကို ရွှေ့ပြောင်းခြင်းဖြင့် ရုရှက “လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေဖွယ်ရှိ” 

ယူကရိန်းပြည်သူများကို ရွှေ့ပြောင်းခြင်းဖြင့် ရုရှက “လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေဖွယ်ရှိ” 
Photo - AFP

November 10

ယူကရိန်းနိုင်ငံအတွင်းမှ ရုရှသိမ်းပိုက်ထားသော ဧရိယာများမှ ယူကရိန်းအရပ်သားများကို အခြားသော ဒေသများတို့ အတင်းအကျပ် ရွှေ့ပြောင်းခြင်းဖြင့် ရုရှသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ရာ မြောက်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး AI အဖွဲ့က ကြာသပတေးနေ့တွင် ပြောသည်။ 

သိမ်းပိုက်ခံ ယူကရိန်းနယ်မြေများမှ အရပ်သားများကို ပို၍ အစွန်ကျသော ရုရှထိန်းချုပ်ရာ ဒေသများ သို့မဟုတ် ရုရှနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းပေးနေခြင်းဖြစ်ကြောင်း၊ ကလေးငယ်များမှာ မိသားစုများနှင့် ကွဲကွာရခြင်းများ ရှိကာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်နေကြောင်း AI က ပြောသည်။ 

ထိုသို့ ရွှေ့ပြောင်းစေရာတွင် ရွေးချယ်စစ်ထုတ်ခြင်းဟု သိရသော “အလွဲသုံးစား စက္ကရင်ဖတ်ခြင်း” ကို ရင်ဆိုင်ရပြီး တစ်ခါတစ်ရံ ရလဒ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်းနှင့် ဆိုးဝါးစွာ ဆက်ဆံခြင်းများကို ကြုံတွေ့ရသည်ဟု အရပ်သားများက ပြောကြကြောင်း AI က ဆိုသည်။ 

“ကလေးငယ်တွေ မိသားစုနဲ့ ကွဲကွာရတာ၊ လူတွေကို သူတို့ အိမ်တွေကနေ ကီလိုမီတာ ရာပေါင်းများစွာ အဝေးဆီ အတင်းအကျပ် ပို့ဆောင်တာတွေဟာ ယူကရိန်း အရပ်သားတွေအပေါ် ပျက်စီးမှု ကျရောက်စေတဲ့ ရုရှရဲ့ ကျူးကျော်မှု ဘေးဒုက္ခဆိုးတွေရဲ့ နောက်ထပ် သက်သေပဲ ဖြစ်တယ်”ဟု AI ၏ အတွင်းရေးမှူးချုပ် အန်းနက်စ် ကယ်လ်လာမတ်ဒ်က ပြောသည်။ 

“ရုရှရဲ့ မနှစ်မြို့စရာ အတင်းအကျပ်ရွှေ့ပြောင်းစေတာတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်တယ်၊ ဒါကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာအဖြစ် စုံစမ်းစစ်ဆေးရမယ်လို့ AI အနေနဲ့ ယူဆတယ်”ဟု ၎င်းက ပြောသည်။ 

တစ်ခုသော ဖြစ်ရပ်တွင် စစ်ထုတ်ခြင်း လုပ်ငန်းစဉ်၌ အမျိုးသမီးတစ်ဦးမှာ သူ့၏ ၁၁ အရွယ် သားငယ်နှင့် ကွဲကွာရပြီး ဖမ်းဆီးထိန်းသိမ်းခံရကာ မိသားစု ပြန်လည်တွေ့ဆုံခြင်း မရှိတော့ကြောင်း AI က ဆိုသည်။ 

ရုရှတို့ လူမဆန်စွာ သိမ်းပိုက်ခဲ့သည့် ယူကရိန်း ပင်လယ်နက် ဆိပ်ကမ်းမြို့ မာရီယူပိုက အရပ်သားအများစု အပါအဝင် ခါကိဗ်၊ လုဂန့်စ်၊ ခါဆွန်နှင့် ဇာပိုရီဇက်ဇီးယားဒေသတို့မှ ဒေသခံများအပါ လူပေါင်း ၈၈ ဦးကို မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း AI က ပြောသည်။ 

“မာရီယူပိုက အများစုဟာ ရွေးချယ်စရာ မရှိဘဲ ရုရှနိုင်ငံဆီ ဒါမှမဟုတ် ရုရှသိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီ ရွှေ့ပြောင်းရဖို့ အတင်းအကျပ် စေခိုင်းခံရတာ ဖြစ်တယ်လို့ ပြောဆိုကြတယ်”ဟု AI က ဖော်ပြသည်။ 

ထိုသို့ ရွှေ့ပြောင်းခြင်းများသည် စစ်ရာဇဝတ်မှု မြောက်နေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ဖွယ် ရှိကြောင်းလည်း AI က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required