ဗီယက်နမ်တွင် နှစ် ၉၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှု ကြံုတွေ့နေ

ဗီယက်နမ်တွင် နှစ် ၉၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှု ကြံုတွေ့နေ

ဗီယက်နမ်တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုနှင့် ကြုံတွေ့နေရပြီး မြေဆီဆားဓာတ်လွန်ကဲမှု၊ မြေပက်ကြားအက်မှုများကို လယ်သမားများ ရင်ဆိုင်နေရကာ အထူးသဖြင့် အရေးကြီးသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင် ပိုမိုဖြစ်ပွားနေကြောင်း ပညာရှင်များက ပြောသည်။

"မဲခေါင်မြစ်ရေက ၁၉၂၆ ခုနှစ်က စပြီး အနိမ့်ဆုံး ရေမှတ်အထိ ကျဆင်းနေပါတယ်။ ဒါကြောင့် မိုးခေါင်ရေရှားမှု အဆိုးဆုံးဖြစ်နေပြီး မြေဆားဓာတ်လွန်ကဲမှု၊ မြေပက်ကြားအပ်မှုတွေ ဖြစ်ပွားနေပါတယ်။"ဟု စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက် အရည်ဖိအားဆိုင်ရာနည်းပညာဌာန လက်ထောက်အကြီးအကဲ ငုယင်ဗန်သင်းက အေအက်ဖ်ပီသို့ ပြောသည်။

စိုက်ပျိုးမြေအများဆုံးဖြစ်သည့် မဲခေါင်ဒေသသည် နေထိုင်သူပြည်သူပေါင်း သန်း ၂၀ ကျော်ရှိကာ ဗီယက်နမ်နိုင်ငံအတွက် စပါးကျီလည်းဖြစ်သည်။

လွန်ကဲသည့် ထွန်ယက်စိုက်ပျိုးမှုများနှင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ကြောင့် မဲခေါင်ဒေသည် ကမ္ဘာ့ဂေဟစနစ် အထိအခိုက်မခံရာ ဒေသများအနက် တစ်ခုဖြစ်နေသည်။ 

လက်ရှိဖြစ်ပွားဆဲ စံချိန်တင် အားအပြင်းဆုံးဖြစ်သည့် ၂၀၁၅-၁၆ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လက်ရှိမိုးခေါင်ရေရှားမှုများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက အပြစ်ဆိုသည်။

ရေပြတ်လပ်ရှားပါးမှုက အနီးနားက ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံက စိုက်ပျိုးရေးကိုပါ ထိခိုက်စေလျက်ရှိသည်။

ဆားငန်ဓာတ်လွန်ကဲမှုကြောင့် မဲခေါင်ဒေသမှ စိုက်ပျိုးမြေ ၂ ဒသမ ၂ သန်းဟတ်တာမှ ၄၀ နှင့် ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်နေကြောင်း မဲခေါင်ဒေသ ကန်သိုတက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါမောက္ခ လီအန်းသွန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly