ပါကစ္စတန်တွင် ဘာသာရေးစော်ကားမှုဖြင့် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးကို တိုက်ခိုက်ရန် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲစခန်းကို ဝင်စီး

ပါကစ္စတန်တွင် ဘာသာရေးစော်ကားမှုဖြင့် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးကို တိုက်ခိုက်ရန် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲစခန်းကို ဝင်စီး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ကုရ်အာန် ကျမ်းကို မလေးမစားလုပ်မှုဖြင့် အမျိုးသမီး ၁ ဦး ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ဒေါသထွက်နေသော လူအုပ်စုတစ်စုသည် အဆိုပါ အမျိုးသမီးကို တိုက်ခိုက်ရန် သူမအား ထိန်းသိမ်းထားသည့် ရဲစခန်းကို ဝင်စီးခဲ့ကြကြောင်း ရဲအရာရှိများကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ဘာသာရေး စော်ကားမှုဖြင့် အမှုဖွင့်ခံထားရသည့် အဆိုပါ အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေပြီး ကုသမှု ခံယူနေရသည်ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားသော ထိုဖြစ်စဉ်တွင် ဒေါသထွက်နေသော ဆန္ဒပြလူအုပ်စုက ဘာသာရေးစော်ကားမှု စွဲချက်ဖြင့် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးကို တိုက်ခိုက်ရန် ကရာချိမြို့သစ်ဧရိယာ ရဲစခန်းကို အတင်းအကျပ် ဝင်ရောက်ခဲ့ကြသည်။ ဒေါသထွက်နေသော လူအုပ်ကြီးသည် အမျိုးသမီးကို တရားဥပဒေလမ်းကြောင်းဖြင့် အရေးယူခြင်းအပေါ် ကျေနပ်အားရခြင်း မရှိဘဲ ၎င်းတို့ဘာသာ ကိုယ်တိုင် အပြစ်ပေးရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသမီးကို ကြီးလေးသော ပြစ်ဒဏ်ပေးရေး တောင်းဆိုနေသော ဆန္ဒပြသူများအကြား အမျက်ဒေါသများ ကြီးထွားလာပြီး အခြေအနေတင်းမာလာပြီးနောက် အဆိုပါ နေရာသို့ ရဲတပ်ဖွဲ့နှင့် ရိန်းဂျားတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်လာခဲ့သည်။

ထို့နောက် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများသည် အခြေအနေကို ပိုဆိုးမသွားစေရန် တားဆီးနိုင်ခဲ့ပြီး လူအုပ်ကို လူစုခွဲခဲ့ကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးဖြစ်သည့် အာမက်ဒ် နာဝက်ဇ်က Dawn သတင်းစာကို ပြောသည်။

တိုင်ချက်ဖွင့်မှုအရ အမျိုးသမီး ၂ ဦး ရဲစခန်းထံ ပေးအပ်ခဲ့သည့် ကုရ်အာန်ကျမ်းစာတစ်အုပ်သည် တစ်ဝက်တစ်ပျက် မီးရှို့ခံထားရကြောင်း သိရသည်။

ကိုရန်ကျမ်းစာအုပ်ကို မီးရှို့ရခြင်း၏ အကြောင်းရင်းကို မေးမြန်းသည့် မေးခွန်းများကို သံသယရှိသူ အမျိုးသမီးက ပြန်လည်ဖြေကြားနေပုံကို ပြသသော ဗီဒီယိုတချို့ လူမှုမီဒီယာပေါ် ပျံ့နှံ့ရောက်ရှိခဲ့သည်။ “ကျွန်မက ဂျူးလူမျိုးလေ။ မွတ်စလင်တွေက ဂျူးတွေကို မလိုလားကြဘူးလေ။ ဒါကြောင့် ခုလိုလုပ်တာ” ဟု ထိုအမျိုးသမီးက ပြောကြားနေပုံကို ဗီဒီယိုထဲတွင် မြင်ရကြောင်း Dawn သတင်းစာက ဖော်ပြသည်။

သို့သော် အဆိုပါ သံသယရှိသူ အမျိုးသမီးသည် မွတ်စလင်ဘာသာဝင်တစ်ဦးသာ ဖြစ်ကြောင်းနှင့် သူမသည် ဆင်းဒ်ပြည်နယ် ဒါဒူမြို့ ဇာတိဖြစ်ပြီး ကရာချိမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း ရဲအရာရှိ အာမက်ဒ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly