ပါကစ္စတန်ရှိ တရုတ်လူမျိုးများ၏ လုံခြုံရေးကို စိုးရိမ်ကြောင်း သမ္မတရှီကျင့်ဖျင် ပြောကြား

ပါကစ္စတန်ရှိ တရုတ်လူမျိုးများ၏ လုံခြုံရေးကို စိုးရိမ်ကြောင်း သမ္မတရှီကျင့်ဖျင် ပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်က ပါကစ္စတန်ရှိ တရုတ်လူမျိုးများ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်ကြောင်း နိုဝင်ဘာ ၂ရက်က ထုတ်ဖော်ပြောကြားလိုက်ပြီး ဘက်စုံမိတ်ဖက်နိုင်ငံဖြစ်သည့် ပါကစ္စတန်အစိုးရက တရုတ်အဖွဲ့အစည်း များအတွက် စိတ်ချဘေးကင်းသောပတ်ဝန်းကျင်ကို ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုဝင်ဘာ ၂ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်၌ တရုတ်သို့ တရားဝင် လာရောက်လည်ပတ်နေသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှဘတ်ဇ် ရှရစ်ဖ်နှင့် တွေ့ဆုံစဉ် ယင်းစိုးရိမ်မှုကို ပြောကြား ခဲ့ခြင်းဖြစ်သည်။

"သမ္မတ ရှီကျင့်ဖျင်က ပါကစ္စတန်ရှိ တရုတ်လူမျိုးများ၏ ဘေးကင်းရေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပါကစ္စတန်တွင် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများတွင် လုပ်ကိုင်နေသော တရုတ်အဖွဲ့အစည်းများနှင့် ဝန်ထမ်းများအတွက် ယုံကြည်စိတ်ချဘေးကင်းသော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးနိုင် မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။"

မကြာသေးမီက ပါကစ္စတန်လူမျိုးစု သူပုန်အဖွဲ့များ၏ ပစ်မှတ်ထား တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် ယင်းပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွေ တိုးလာပြီးနောက်မှာ ပါကစ္စတန်၏ လုံခြုံရေး အစီအမံများလုံလောက်မှု မရှိခြင်းကို စိုးရိမ်ကြောင်း တရုတ်က ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ် ဧပြီလက ကရာချိတက္ကသိုလ် ဗုံးခွဲမှုအပြီးတွင် ရှရစ်ဖ်အစိုးရသည် တရုတ်စီမံကိန်းအားလုံးနီးပါး၏ လုံခြုံရေးကုန်ကျစရိတ်ကို ကျခံရန် ဆုံးဖြတ်ခဲ့သည်ဟု ပါကစ္စတန်မီဒီယာများက ဖော်ပြသည်။

CPEC နှင့် တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှုများနှင့် လုပ်ကိုင်ကြံစည်မှု အားလုံးကို တန်ပြန်ရန် ခိုင်မာသော သန္နိဋ္ဌာန်ကို နိုဝင်ဘာ ၂ရက် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရှီနှင့် တွေ့ဆုံချိန်တွင် အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီ ညီလာခံကို အောင်မြင်စွာ နိဂုံးချုပ်နိုင်သည့် အတွက် ရှီကို ပါကစ္စတန်ဝန်ကြီးချုပ် ရှဘတ်ဇ် ရှရစ်ဖ်က ချီးကျူးဂုဏ်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly