ထိုင်ဝမ်ရေလက်ကြားတိုက်ပွဲအတွက် တရုတ်စစ်တပ် အချိန်ပြည့် အသင့်ဖြစ်နေရမည်ဟု တရုတ်စစ်အရာရှိ ပြောကြား

ထိုင်ဝမ်ရေလက်ကြားတိုက်ပွဲအတွက် တရုတ်စစ်တပ် အချိန်ပြည့် အသင့်ဖြစ်နေရမည်ဟု တရုတ်စစ်အရာရှိ ပြောကြား

တရုတ်စစ်တပ်သည် ထိုင်ဝမ်ရေလက်ကြားစစ်ပွဲအတွက် အချိန်ပြည့် အသင့်အနေအထား ရှိရမည်ဟု အကြီးတန်းအစိုးရအရာရှိများက မကြာသေးမီက ပြောကြားလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ပြီးခဲ့သောလကကျင်းပသည့် ကွန်မြူနစ်ပါတီညီလာခံ၌ တရုတ်စစ်တပ်သည် စစ်ပွဲအတွက် လေ့ကျင့်မှုနှင့် ပြင်ဆင်မှုကို အပြည့်အဝ အရှိန်မြှင့်လုပ်ဆောင်ရမည်ဟု မိန့်ခွန်း ပြောကြားခဲ့ပြီး နောက် တရုတ်စစ်ခေါင်းဆောင်များက ယခုသီတင်းပတ်ထုတ်ဝေသောစာအုပ်၌ အဓိပ္ပါယ်ကောက်ချက်တချို့ကို ဖော်ပြခဲ့ကြသည်။

"ငြိမ်းချမ်းမှုမရှိသောနည်းလမ်းများနှင့် အခြားအစီအမံများမှတစ်ဆင့် ထိုင်ဝမ်လွတ်လပ်ရေးနှင့်ပတ်သက်၍ ပြင်ပမှဝင်ရောက်စွက်ဖက်မှုများနှင့် အဓိကဖြစ်ရပ်များအား တုံ့ပြန်ရန် အပြည့်အဝပြင်ဆင်ထားရမည်ဖြစ်သလို အမြဲတမ်းအဆင်သင့်ထားရှိရန်နှင့် စစ်ပွဲအတွက် အချိန်တိုင်းအဆင်သင့်ရှိနေရမည်” ဟု ဗဟိုစစ်ကော်မရှင်၏ သုတေသနဗျူရိုအကြီးအကဲ ဗိုလ်ချုပ် လျူယန်တောင်က ပါတီကွန်ဂရက်အစီရင်ခံစာနှင့်ပတ်သက်သော တရားဝင်သုံးသပ်ချက်များစာအုပ်တွင် ရေးသားခဲ့သည်။

ဗဟိုစစ်ကော်မရှင်၏ ထိပ်တန်းအဆင့် ဒုဥက္ကဋ္ဌဟောင်း ရှုကျီလျန်းက ထိုင်ဝမ်လွတ်လပ်ရေးနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ချေမှုန်းရန် ကြိုးပမ်းရာတွင် ပြတ်ပြတ်သားသားလုပ်ဆောင်ရန်နှင့် ငြိမ်းချမ်းရေးမှ စစ်ခေတ်သို့ လျင်မြန်စွာ အသွင်ကူးပြောင်းမှုအတွက် ပြင်ဆင်ကြရန် တရုတ်စစ်တပ်အား တိုက်တွန်းခဲ့သည်။

“တပ်ဖွဲ့ဝင်တွေအားလုံးဟာ အချိန်တိုင်းမှာ တိုက်ခိုက်ဖို့အသင့်ဖြစ်နေစေဖို့ လေးတင်ထားသလိုမျိုး အသင့်ဖြစ်နေမှုအနေအထားကို အမြဲထိန်းသိမ်းထားပါ” ဟု ကျီလျန်းက ရေးသားထားသည်။

ရှီသည် ပါတီညီလာခံအစီရင်ခံစာ၌ ခိုင်မာသော ဗျူဟာမြောက် ဟန့်တားရေးစနစ်ကို တည်ဆောက်ရန် တရုတ်စစ်တပ်အတွက် ရည်မှန်းချက်ချမှတ်ခဲ့သည်။

တုန်လှုပ်ချောက်ချားပြီး ပြောင်းလဲနေသောကမ္ဘာကြီးတွင် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးသည် ကြီးထွားလာသော မတည်ငြိမ်မှုများ၊ မသေချာမရေရာမှုများနှင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပြီး ဗျူဟာမြောက် စွမ်းရည်များ အားကောင်းလာခြင်းသည် ရန်သူကို ထိထိရောက်ရောက် ဟန့်တားနိုင်ကြောင်း ရှီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly