ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၅၀က ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချ

ကုလသမဂ္ဂတွင် နိုင်ငံပေါင်း ၅၀က ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချ

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ဆိုးရွားပြီး အကွက်ကျကျ လုပ်ဆောင်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချသော ကုလသမဂ္ဂဆွေးနွေးမှုအတွင်း ဖတ်ကြားသည့် ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံပေါင်း ၅၀ က လက်မှတ်ရေးထိုးလိုက်သည်။

“ရှင်းကျန်းဒေသတွင် ဝီဂါများနှင့် တခြားမွတ်စလင် လူနည်းစုများကို လူ့အခွင့်အရေးချိုးဖောက်မှုများ လတ်တ လောဖြစ်ပွားနေသည့်အတွက် တရုတ်လူ့အခွင့်အရေးအခြေအနေများကို ကျွန်ုပ်တို့ လွန်စွာ စိုးရိမ်မိပါသည်” ဟု လူ့အခွင့်အရေးဆိုင်ရာ ကုလအထွေထွေညီလာခံ တတိယကော်မတီတွင် ကနေဒါက ဖတ်ကြားခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ရှင်ကျန်းနှင့် ပတ်သက်ပြီး ကာလကြာရှည် စောင့်ဆိုင်းခဲ့ရသော အစီရင်ခံစာတစ်စောင်ကို ဩဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး ရှင်ကျန်းဒေသတွင် ဝီဂါနှင့် အခြား မွတ်စလင်လူနည်းစုများအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကိုးကားဖော်ပြခဲ့သည်။

အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားကာ အဆိုပါ စွပ်စွဲချက်ကို တရုတ်အစိုးရက ပယ်ချခဲ့သည်။

"ဒီလိုပြင်းထန်ပြီး စနစ်တကျ ချိုးဖောက်မှုတွေက အကြမ်းဖက်မှု တန်ပြန်ရေးလုပ်ဆောင်ချက်တွေပါလို့ ပြောကြားရုံနဲ့ အဆင်မပြေပါဘူး။ OHCHR အကဲဖြတ်မှုနဲ့ ပတ်သက်ပြီး တရုတ်က ဒီတွေ့ရှိချက်တွေကို ဆွေးနွေးဖို့ အခုအချိန် အထိ ငြင်းဆိုနေတာကို စိုးရိမ်မိပါတယ်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

လက်မှတ်ရေးထိုးသည့် နိုင်ငံပေါင်း ၅၀ တွင် အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်၊ သြစတြေးလျ၊ အစ္စရေး၊ တူရကီ၊ ဂွါတီမာလာနှင့် ဆိုမာလီယာတို့ ပါဝင်သည်။

အောက်တိုဘာလအစောပိုင်းတွင် တရုတ်က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် OHCHR အစီရင်ခံစာကိစ္စကို ဆွေးနွေးရန် ရှောင်ရှားနိုင်ခဲ့ပြီး အဖွဲ့ဝင် ၄၇ နိုင်ငံအနက် အများစုသည် အချေအတင်ဆွေးနွေးမှုစတင်ခြင်းကို တားမြစ်ခဲ့သည်။

နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) ဖြစ်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆွေးနွေး ပွဲကို အမြန်ဆုံး ကျင်းပရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို အောက်တိုဘာ ၃၁ရက်တွင် တောင်းဆို လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required