အသိခက်ဆဲ မြန်မာ့သမ္မတရွေးချယ်ပွဲ နေ့ရက်များ

အသိခက်ဆဲ မြန်မာ့သမ္မတရွေးချယ်ပွဲ နေ့ရက်များ
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

မြန်မာစစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ညှိနှိုင်းအဖြေရှာမရသေးသော အရေးကိစ္စများ အများအပြားကျန်ရှိနေ သေးသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများရွေးချယ်သည့်လုပ်ငန်းကို မတ်လ၊ ၁၀ ရက်နေ့တွင် စတင်လုပ်ဆောင် တော့မည် ဖြစ်သည်။

မူလက မတ်လ၊ ၁၇ ရက်နေ့တွင် သမ္မတရွေးချယ်သည့်လုပ်ငန်းများ လုပ်ဆောင်မည်ဟုသတ်မှတ်ထားရာမှာ ရှေ့တိုးပြီး မတ်လ၊ ၁၀ ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း   ပြည်ထောင်စုလွှတ်တော်က မတ်လ၊ ၁ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီးတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့သည် ၃ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီဖြစ်ပြီး သဘောတူညီမှု တစ်စုံတစ်ရာ ရရှိထားပုံမရသေးချေ။ ထိုကဲ့သို့သော အခြေအနေတွင်   မေးရန်ရှိလာသည်မှာ ပါတီနှစ်ခုအနေနှင့် ရှေ့လာမည့်နှစ်များတွင် ယုံကြည်မှုအပေါ်အခြေခံပြီး တိုင်းပြည်အတွက် ထိရောက်အကျိုးရှိသော အာဏာခွဲဝေမှု တစ်ရပ်ကို ပုံဖော်နိုင်မည်လား၊ တစ်ဖက်နှင့်တစ်ဖက် သံသယဖြင့်စောင့်ကြည့်သွားမည့် အတိုက်အခံများ အဖြစ် ဆက်ရှိသွားမည်လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။

စစ်တပ်က တိုက်ရိုက်နည်း၊ သွယ်ဝိုက်သောနည်းတို့ဖြင့် နှစ်ပေါင်း ၅၀ အုပ်ချုပ်လာခဲ့သော နိုင်ငံတစ်နိုင်ငံတွင် အဆင်ပြေပြေ အာဏာခွဲဝေသည့်ပုံစံတစ်ရပ် ပေါ်ပေါက်ရန်မှာ မလွယ်ကူသည့် ကိစ္စဖြစ်သည်မှာအမှန်ပင် ဖြစ်သည်။  ထို့ပြင် အပြောင်းအလဲဖြစ်စဉ်တစ်ရပ်လုံး စိတ်ကူးမျှော်မှန်းချက်များအတိုင်း ဖြစ်လာရန်မှာလည်း ဖြစ်နိုင်ချေနည်းလွန်းလှ သည်။ လက်ရှိအပြောင်းအလဲဖြစ်စဉ်ကို အာဏာရှင်ဗိုလ်ချုပ်များက ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ၎င်းတို့အသာ စီးရရှိရန် အသေအချာ ဂရုတစိုက်ပြင်ဆင်ထားသော အခြေအနေမှနေ၍ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအနေဖြင့် စစ်အာဏာရှင်များသည် နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်ကဆက်လက်ပါဝင်နိုင်မည့် အချက်များ ကို အခြေခံဥပဒေတွင်ထည့်သွင်းရေးဆွဲခဲ့ရာ လက်ရှိအချိန်တွင် လွှတ်တော်အသီးသီး၌ ရွေးကောက်ခံမဟုတ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက နေရာယူထားလျှက်ရှိသည်။

ထို့ပြင် ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများကို သမ္မတခန့်အပ်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့်အပ်ခွင့် ရှိသဖြင့် အရပ်ဘက်အုပ်ချုပ်ရေး လုပ်ငန်းများရော၊ တိုင်းပြည်လုံခြုံရေးလုပ်ငန်း များကိုပါ စစ်တပ်ကထိန်းချုပ်ပိုင်ခွင့် ရှိထားသည်။ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏   ထောက်ခံမှုကိုလိုအပ်လျှက်ရှိရာ အခြေခံဥပဒေကို မပြင်ဆင်နိုင်စေရန် စစ်တပ်က ၎င်း၏ဗီတိုအာဏာကို အသုံးပြုနိုင်စွမ်း ရှိနေသည်။

စစ်တပ်၏ လိုက်လျောမှု

လက်ရှိမြန်မာနိုင်ငံသားများရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ တွေ့မြင်နေရသည့် မြန်မာ့နွေဦးမှာ စစ်အာဏာရှင်တို့၏ ဆန္ဒနှင့် ဆန့်ကျင်၍ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ၎င်းတို့ကအလိုရှိ၍ စတင်ပေါ်ပေါက်လာရသည့် နွေဦးဖြစ်သည်။

၂၀၁၁၊ မတ်တွင် သမ္မတဦးသိန်းစိန်အာဏာစတင်ရယူပြီးနောက် မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရခေတ်က မမြင်တွေ့ခဲ့ရ ဖူးသည့် အပြောင်းအလဲများစွာ မြင်တွေ့လာရသည်။ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ခန့်လွှတ်ပေးခဲ့ ပြီး သတင်းနှင့်မီဒီယာဆင်ဆာကို ဖျက်သိမ်းခဲ့သည်။ ထို့ပြင် NLD ကိုနိုင်ငံရေးတွင် ပြန်လည်ပါဝင်ရန်ဖိတ်ခေါ်ခဲ့သလို စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ခဲ့သည်။

နောက်ဆုံးအနေနှင့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများကို ကျင်းပခဲ့ရာ အတိုက်အခံပါတီ NLD က စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

ထိုကဲ့သို့ ရွေးကောက်ပွဲတွင် NLD ကတောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး အစိုးရဖွဲ့ခွင့်ရရှိထားသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ ပုဒ်မ ၅၉(စ) နှင့်ငြိစွန်းနေသဖြင့် သမ္မတအဖြစ် ကိုယ်တိုင်တာဝန်ထမ်းဆောင်ရန် ပိတ်ပင်ခံထားရလျှက်ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေကို မပြင်ဆင်နိုင်ခဲ့လျှင်လည်း သမ္မတအထက်မှနေ၍ တိုင်းပြည်ကိုဦးဆောင်သွားမည်ဟု လူသိရှင်ကြားပြောကြားထားရာ ထိုအချက်က အခြေခံဥပဒေကို စောင့်ရှောက်မည်ဟုကြွေးကြော်ထားသော စစ်တပ်နှင့် NLD အကြား တင်းမာမှုများဖြစ်ပေါ်လာမည့် လမ်းစအဖြစ် မြင်တွေ့နေရသည်။

ထို့ကြောင့် အပြောင်းအလဲကာလဆွေးနွေးပွဲများတွင် ဆွေးနွေးစရာခေါင်းစဉ်များ အလုံအလောက်ရှိနေပြီး ကောလာဟလ များလည်း အမျိုးမျိုးပေါ်ထွက်လျှက်ရှိသည်။ ထိုကဲ့သို့ ထွက်ပေါ်နေသော ကောလာဟလများတွင် ကချင်၊ ရှမ်း၊ ရခိုင် နှင့် ရန်ကုန်တို့တွင် ဝန်ကြီးအဆင့်အကြီးတန်းအရာရှိများကို စစ်တပ်ကခန့်အပ်ခွင့်ရလျှင် ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်ရန် သဘောတူမည်ဟု ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က ကမ်းလှမ်းသည်ဟူသော ကောလာဟလသတင်းတစ်ရပ် လည်း ပါဝင်ခဲ့သည်။ NLD အစိုးရအနေဖြင့် တိုင်းသူပြည်သားများက မျှော်လင့်ချက်မြင့်မြင့်မားမားထားရှိနေမှု၊ စစ်တပ်၏ ကမ်းလှမ်းမှုတစ်ရပ်ရပ်ကိုလက်ခံလိုက်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးကွယ်သူအချို့ကို ဆုံးရှုံးရနိုင်မှု တို့နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။

NLD ခေါင်းဆောင်နှင့် စစ်တပ်အနေဖြင့် ကာလရှည်စောင့်မျှော်လာခဲ့ရသော နှစ်ဖက်သဘောတူညီမှုတစ်ရပ် ရရှိအောင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သလို မပြီးသောသောပြည်တွင်းစစ်ပွဲများ၊ ဆင်းရဲနွမ်းပါးမှုနှင့် အာဏာရှင်စနစ်ကာလ ခေါက်ရိုးကျိုးမှုများအပါအဝင်  အခက်အခဲအတားအဆီးများကိုလည်း ကျော်ဖြတ်ရန် ကျန်ရှိနေသေးသည်။

ငြိမ်းချမ်းရေး ပဏာမ ခြေလှမ်းသစ်

သမ္မတဦးသိန်းစိန်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုကဲ့သို့ အပစ်ရပ်သဘောတူညီမှုရရှိရန် ၂၀၁၁ ၊ သြဂုတ် ကတည်းက ညှိနှိုင်းလာခဲ့ခြင်းဖြစ်ပြီး ထိုသဘောတူညီမှုမှာ ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း အဓိကကျသည့် နိုင်ငံရေးအကျိုးအမြတ် တစ်ရပ်ဖြစ်ခဲ့သည်။ သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက်မှ ၈ ဖွဲ့သာလက်မှတ်ထိုးနိုင်ခဲ့ပြီး KIA၊ SSA၊ UWSA စသည့် အင်အားကြီးမားသည့် အဖွဲ့များနှင့်မူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးချေ။

ဒေါ်အောင်ဆန်းစုကြည်ကမူ ငြိမ်းချမ်းရေးပဏာမခြေလှမ်းသစ်တစ်ရပ်အတွက် ကတိပြုထားပြီး လက်ရှိပြုလုပ်နေသော မြန်မာ့အနာဂါတ်ဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါဝင်လာရန် ဆန္ဒရှိလျှက်ရှိသည်။ ဦးသိန်းစိန် ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို တက်တက်ကြွကြွထောက်ခံအားပေးခဲ့သော စစ်တပ်မှာမူ ဒေါ်အောင်ဆန်းစုကြည်၏   ငြိမ်းချမ်းရေးခြေလှမ်းများကို သတိကြီးကြီးထားပြီး စောင့်ကြည့်သွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကာလကြာရှည်တောင်းဆိုလာခဲ့ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်မှ စစ်တပ်က အင်တင်တင်နှင့်လက်ခံခဲ့သော ဖက်ဒရယ်စနစ် လက်တွေ့ကျကျဖြစ်ပေါ်လာရန် စစ်ဗိုလ်ချုပ်များကိုမည်မျှအထိ ဆွဲခေါ်နိုင်မည်ဆိုသည်မှာလည်း စိတ်ဝင်တစား စောင့်ကြည့်ရန်ကျန်ရှိနေသေးသည့် အချက်ဖြစ်သည်။

မြင့်မားနေဆဲဆင်းရဲနွမ်းပါးမှု

သမ္မတဦးသိန်းစိန်လက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်မားလာသည်မှာ မှန်သော်လည်း ယင်း၏ အကျိုးကျေးဇူးကို ခံစားရသည်မှာ တိုင်းပြည်လူဦးရေနှင့်ယှဉ်လျှင် လူနည်းစုသာရှိခဲ့သည်။ တိုးပွားလာသော လူလတ်တန်း စားများနှင့် ခရိုနီသူဌေးများသည် အပြောင်းအလဲကာလအကျိုးကျေးဇူးများကို ခံစားခွင့်ရခဲ့သော်လည်း လူများစုဖြစ်သည့် တောင်သူလယ်သမားများမှာမူ မခံစားခဲ့ရချေ။

ဘာတဲလ်စ်မန်းပြောင်းလဲမှုညွှန်းကိန်း အသစ်တစ်ရပ်အရ  မြန်မာနိုင်ငံတွင် ၁၉၉၀ လွန်နှစ်များမှစ၍ စစ်တပ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်၊ အလျားလိုက် မညီမျှမှု ( တိုင်းရင်သား လူမျိုးများအကြား) နှင့် ဒေါင်လိုက် မညီမျှမှု( စစ်အာဏာရှင်များနှင့် ၎င်းတို့နှင့်နီးစပ်သော ခရိုနီအသိုင်းအဝိုင်းကတစ်ဖက်၊ ကျန်ဆင်းရဲနွမ်းပါးသော မြန်မာလူထုက တစ်ဖက်) တို့ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်နေဆဲဖြစ်ပြီး တိုင်းပြည်မှာ စိုက်ပျိုးရေးနိုင်ငံ အဖြစ် ရှိနေဆဲဖြစ်ကာ တောင်သူလယ်သမားအများအပြားမှာ အလွန်နည်းပါးသောဝင်ငွေနှင့် ရပ်တည်နေရဆဲဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ကတိပြုထား ပြီး သူမ၏လုပ်ဆောင်ချက်များက စစ်တပ်၏အကျိုးစီးပွားနှင့်ပတ်သတ်နေသော စီးပွားရေးလုပ်ငန်းကြီးများကို မထိခိုက်သ၍ ထိုကိစ္စအပေါ် သူမနှင့် စစ်တပ်အကြား ထိပ်တိုက်တွေ့ဖွယ်ရာလည်း မရှိချေ။

ဖြိုးမင်းသန့် (With Presidential Vote Looming, Myanmar Stares at Uncharted Waters By Marco Bunte ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly