ကနေဒါက တရုတ်ကုမ္ပဏီ ၃ ခုအား အရေးပါသောသတ္ထုဆိုင်ရာသဘောတူညီချက်များမှ နုတ်ထွက်ရန် အမိန့်ချမှတ်

ကနေဒါက တရုတ်ကုမ္ပဏီ ၃ ခုအား အရေးပါသောသတ္ထုဆိုင်ရာသဘောတူညီချက်များမှ နုတ်ထွက်ရန် အမိန့်ချမှတ်

ကနေဒါနိုင်ငံသည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကို အကြောင်းပြလျက် ပြည်တွင်းမှ ကုမ္ပဏီများနှင့် ဓာတ်သတ္ထုသဘောတူညီချက်များချုပ်ဆိုထားသော တရုတ်ကုမ္ပဏီများကို နုတ်ထွက်ရန် အမိန့်ချမှတ်လိုက်သည်။ ကနေဒါ သိပ္ပံနှင့်စက်မှုဝန်ကြီး ဖရန့်ဆွာဖီးလစ်ချန်ပိန်းက လီသီယမ်အပါအဝင် သတ္တုကဏ္ဍတွင် ပါဝင်ပတ်သက်သော ကနေဒါကုမ္ပဏီများရှိ ရင်းနှီးမြှုပ်နှံမှုအများအပြားကို ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

“ကနေဒါက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆက်ကြိုဆိုနေချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေက အမျိုးသား လုံခြုံရေးနဲ့ ပြည်တွင်းပြည်ပက အရေးကြီးတဲ့ ဓာတ်သတ္ထုထုတ်လုပ်ဖြန့်ဖြူးမှုကို ခြိမ်းခြောက်လာတဲ့ အခါ ကျွန်တော်တို့ဟာ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမှာပါ။ ကနေဒါရင်းနှီးမြှုပ်နှံမှုဥပဒေ (ICA) အရ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေဟာ အမျိုးသားလုံခြုံရေးကိစ္စရပ်တွေအတွက် သုံးသပ်ရမှာပါ။ အရေးပါတဲ့ဓာတ်သတ္တု ကဏ္ဍလို တချို့ရင်းနှီးမြုပ်နှံမှု အမျိုးအစားများတွေက ပိုမိုကောင်းမွန်တဲ့ စိစစ်မှုကို လိုအပ်ပါတယ်” ဟု ချန်ပိန်းက နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

အနောက်နိုင်ငံများက ရှားပါးသော သတ္ထုများကို ဝယ်ယူရာတွင် ကိုယ့်ကိုယ်ကိုယ် အားထားရေး တွန်းအားပေးနေချိန်၌ တရုတ်က ကမ္ဘာတစ်ဝန်းရှိ မြေရှားသတ္ထုများကို ဆက်လက်လွှမ်းမိုးနေချိန်မှာ ကနေဒါ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် တရုတ်နိုင်ငံသည် သတ္တုတွင်းထွက်အများအပြားကို မထုတ်လုပ်နိုင်ဘဲ ၎င်းလိုအပ်သည့် ကုန်ကြမ်းများ ရရှိရန် ကနေဒါကဲ့သို့သော နိုင်ငံရပ်ခြားရှိ သတ္တုတွင်းများတွင် အများအပြား ရင်းနှီးမြှုပ်နှံထားကြောင်း Canadian Broadcasting Corporation (CBC) က ဖော်ပြခဲ့သည်။

ကုမ္ပဏီများအား အဆင့်များစွာပါသော လုံခြုံရေးသုံးသပ်မှုလုပ်ငန်းစဉ်များဖြင့် လေ့လာသုံးသပ်ခဲ့ပြီး ကနေဒါ အမျိုးသားလုံခြုံရေးနှင့် ထောက်လှန်းရေးအဖွဲ့၏ ကြပ်ကြပ်မတ်မတ် စစ်ဆေးခြင်းများပါဝင်သည်ဟု ကနေဒါ အစိုးရက ပြောသည်။

လုပ်ငန်းစဉ်အရ ကနေဒါအစိုးရသည် ကနေဒါရှိ အရေးပါသောဓာတ်သတ္တုကုမ္ပဏီများရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား အရင်းအနှီးများ ပြန်လည်ထုတ်ယူရန် ညွှန်ကြားခဲ့သည်။ Sinomine (Hong Kong) Rare Metals Resources Co., Limited အား Power Metals Corp မှလည်းကောင်း၊ Chengze Lithium International Limited အား Lithium Chile Inc မှလည်းကောင်း၊ Zangge Mining Investment (Chengdu) Co., Ltd. အား Ultra Lithium Inc မှလည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထုတ်ယူကြရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ ဆုံးဖြတ်ချက်များသည် အချက်အလက်အထောက်အထားများနှင့် အရေးကြီးသော ဓာတ်သတ္တုဆိုင်ရာ ကျွမ်းကျင်သူများ၊ ကနေဒါလုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် အခြားသော အစိုးရ လုပ်ဖော်ကိုင်ဖက်များ၏ အကြံပေးချက်များအပေါ် အခြေခံထားကြောင်း ကနေဒါအစိုးရက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly