ပါကစ္စတန်၏ ကြွေးမြီပေးဆပ်ရန် ပျက်ကွက်နိုင်မှု အလားအလာ ပိုမို မြင့်တက်လာ

ပါကစ္စတန်၏ ကြွေးမြီပေးဆပ်ရန် ပျက်ကွက်နိုင်မှု အလားအလာ ပိုမို မြင့်တက်လာ

ပါကစ္စတန်၏ ကြွေးမြီပြန်လည်ပေးဆပ်ရန် ပျက်ကွက်နိုင်မှု အလားအလာ သတ်မှတ်ချက်သည် ယခုအခါ ၁၃ နှစ်တာအတွင်း အမြင့်ဆုံးအဖြစ် ၅၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။

ကြွေးမြီနှင့် ငွေချေးယူနိုင်မှုဆိုင်ရာ အဆင့်သတ်မှတ်သည့် အေဂျင်စီများက အဆိုပါနိုင်ငံနှင့်ပတ်သက်ပြီး အဆင့်လျှော့ချသတ်မှတ်ခြင်း၊ ငွေချေးစာချုပ် ငွေပေးချေမှုများကို ဖြည့်ဆည်းနိုင်စွမ်းနှင့် ကြွေးမြီပြန်လည်ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအကြား စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် ထိုကဲ့သို့‌ ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှု အလားအလာ မြင့်တက်လာခြင်း ဖြစ်သည်။

ပါကစ္စတန်၏ ကြွေးမြီ ပေးဆပ်ရန် ပျက်ကွက်နိုင်မှု အလားအလာကို ၅ နှစ် ချေးငွေအာမခံဖလှယ်မှုပုံစံ (CDS) ဖြင့် တိုင်းတာပြီး အဆိုပါ အလားအလာသည် အောက်တိုဘာ ၂၅ ရက်က တစ်ရက်တာအတွင်း ၃ ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်ပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၅၂ ဒသမ ၈ ရာခိုင်နှုန်းကို ရောက်လာခဲ့သည်။ ယင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပါကစ္စတန်နိုင်ငံအပေါ် ယုံကြည်မှု ပျောက်ဆုံးနေပြီ ဆိုသည်ကို ညွှန်ပြနေကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

CDS သည် ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီက နိုင်ငံတွင် COVID-19 ကပ်ရောဂါ မဖြစ်ပွားခင် ၅ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိနေခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ ချေးငွေ အစီအစဉ် ပြန်လည် အသက်သွင်းခြင်းနှင့်ပတ်သက်ပြီး ပေါ်ပေါက်ခဲ့သည့် မသေချာမရေရာမှုများကြောင့် ယခုနှစ်လယ်ပိုင်းတွင် ယင်းသည် ထိုစဉ်က အမြင့်ဆုံးဖြစ်သည့် ၃၀ ရာခိုင်နှုန်းကို ရောက်ခဲ့သည်။

ထို့နောက် IMF က ၂၀၂၂ ခုနှစ် ဩဂုတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အစီအစဉ်များကို ပြန်လည်စတင်ပြီး နောက်ပိုင်းတွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိ ငွေပမာဏတစ်ရပ်ကို ထုတ်ပေးခြင်းအားဖြင့် CDS သည် ပြန်ကျပြီး အနည်းငယ် အခြေအနေပြန်ကောင်းလာခဲ့သည်။

သို့သော် ယခုရက်များတွင် ယင်းသည် ရုတ်ခြည်း တစ်ဖန် ပြန်တက်နေသည်ဖြစ်ရာ ပါကစ္စတန်သည် သက်တမ်းစေ့လာသော ကြွေးမြီများကို ပြန်ဆပ်ရန် ပျက်ကွက်လိမ့်မည်ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ရှုမြင်နေသည်ကို ပြသနေကြောင်း The Express Tribune က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly