တရုတ်က အိန္ဒိယကို ဗျူဟာမြောက်ပြိုင်ဘက်အဖြစ် မည်သည့်အခါမှ မရှုမြင်ကြောင်း တရုတ် သံအမတ်ပြောကြား

တရုတ်က အိန္ဒိယကို ဗျူဟာမြောက်ပြိုင်ဘက်အဖြစ် မည်သည့်အခါမှ မရှုမြင်ကြောင်း တရုတ် သံအမတ်ပြောကြား

တရုတ်နိုင်ငံသည် အိန္ဒိယအား မဟာဗျူဟာမြောက်ပြိုင်ဘက် သို့မဟုတ် ယှဉ်ပြိုင်ဘက်အဖြစ် ဘယ်သောအခါမှ ရှုမြင်မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျိမင်းက ပြောကြားသည်။

အိန္ဒိယနှင့် တရုတ်တို့သည် စီးပွားရေး၊ ပထဝီဝင်နိုင်ငံရေးနှင့် အခြားပြဿနာများကို ဖြေရှင်းရန် နီးနီးကပ်ကပ် အတူတကွ လုပ်ဆောင်နိုင်ကြောင်းနှင့် အိန္ဒိယကို မဟာဗျူဟာမြောက်ပြိုင်ဘက် သို့မဟုတ် ယှဉ်ပြိုင်ဖက် အဖြစ် မည်သည့်အခါမျှ မရှုမြင်ကြောင်း တရုတ်သံတမန်က ဒါကာမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့ကြောင်း The Dhaka Tribune က ဖော်ပြသည်။

အိန္ဒိယ-တရုတ်နှစ်နိုင်ငံစလုံးသည် ပထဝီဝင်နိုင်ငံရေးထောင်ချောက်မှ ရုန်းထွက်ပြီး အတိတ်နှင့်မတူသော လမ်းကြောင်းသစ်ကိုရှာဖွေသင့်ကြောင်း အိန္ဒိယဆိုင်ရာ တရုတ်သံတမန် ဆန်ဝေဒေါင်က ပြောကြားပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုမှတ်ချက်ကို ပြောဆိုလာခြင်းဖြစ်သည်။

ဆန်ဝေဒေါင်သည် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဆန်ဝေဒေါင်သည် အောက်တိုဘာ ၂၅ ရက်က တာဝန်ပြီးဆုံးသည့်အထိမ်းအမှတ်အဖြစ် နှုတ်ဆက်စကားပြောကြားရာ၌ နှစ်ဖက်ကြား ကွဲလွဲမှုများကို ဖြေရှင်းရန်နှင့် အခြားသူများ၏ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အရေးပါသော အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့် အိန္ဒိယအတွက် ကွဲပြားမှုအချို့ရှိခြင်းသည် သဘာဝကျသော်လည်း အဓိကအချက်မှာ ကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းပုံသာဖြစ်ကြာင်း ဆန်ဝေဒေါင်က ပြောသည်။

အိန္ဒိယနှင့် တရုတ်တို့သည် ၂၀၂၀ ခုနှစ် ဧပြီလမှစတင်၍ အိန္ဒိယ-တရုတ်နယ်စပ်ဒေသများတွင် နယ်စပ်ထိန်းချုပ်မှုမျဉ်း (LAC) တစ်လျှောက် အခြေအနေများဆိုင်ရာ သံတမန်ရေးရာနှင့် စစ်ရေးအဆင့် အစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ရာထူးက အနားယူလိုက်ပြီဖြစ်သည့် အိန္ဒိယဆိုင်ရာ တရုတ်သံတမန်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းရန် နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required