ရုရှားစွမ်းအင်များကို တရုတ်သို့ စံချိန်တင်ပမာဏတင်ပို့ပေးနေ

ရုရှားစွမ်းအင်များကို တရုတ်သို့ စံချိန်တင်ပမာဏတင်ပို့ပေးနေ

ရုရှားနိုင်ငံသည် စက်တင်ဘာလက သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် သံမဏိပြုလုပ်သည့် ကျောက်မီးသွေးများကို တရုတ်နိုင်ငံသို့ စံချိန်တင်ပမာဏကို တင်ပို့ခဲ့ကြောင်း Bloomberg က တရုတ်အကောက်ခွန် အချက်အလက်များ ကို ကိုးကား၍ အောက်တိုဘာ ၂၅ ရက်က ဖော်ပြခဲ့သည်။

ရုရှားသည် ကုန်သွယ်ဖက်နိုင်ငံသို့ ပြီးခဲ့သည့်လက ကုတ်ကျောက်မီးသွေးတင်ပို့မှုသည် ယမန်နှစ် စက်တင်ဘာလ က တန်ချိန် ၉ သိန်း ဝန်းကျင်နှင့် ဩဂုတ်လကတန်ချိန် ၁ ဒသမ ၉ သန်းရှိရာမှ စက်တင်ဘာလတွင် တန်ချိန် ၂ ဒသမ ၅ သန်းအထိ မြင့်တက်လာခဲ့သည်။

သဘာဝဓာတ်ငွေ့ရည်ပေးပို့မှုသည် ယမန်နှစ်ကထက် ၃ ပုံ ၁ ပုံ တိုးတက်လာပြီး တန်ချိန် ၈၁၉ ၀၀၀ ထိ ရှိသည်။ တရုတ်သည် ပိုက်လိုင်းများမှတစ်ဆင့် တင်ပို့မှုကို နှစ်စမှစ၍ မထုတ်ပြန်ခဲ့သောကြောင့် ထိုလမ်းကြောင်းမှ ရုရှားဓာတ်ငွေ့များ မည်မျှတင်သွင်းသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

တရုတ်၏ ရုရှားရေနံတင်သွင်းမှုသည် သြဂုတ်လတွင် တန်ချိန် ၈ ဒသမ ၃ သန်းရှိရာမှ စက်တင်ဘာလက တန်ချိန် ၇ ဒသမ ၅ သန်းသို့ ကျဆင်းသွားခဲ့သော်လည်း ယမန်နှစ်က တင်သွင်းသည့် တန်ချိန် ၆ ဒသမ ၁ သန်းထက် ပိုများသည်။

ရေနံထွက်ကုန်များအပါအဝင် ရုရှားစွမ်းအင်ဝယ်ယူမှုမှာ သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံမှ စက်တင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံသို့ အနည်းငယ် ကျဆင်းသွားခဲ့သည်။ သို့သော် ယမန်နှစ်က ဝယ်ယူသည့်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံထက် သိသိသာသာ များနေသေးသည်။

ယူကရိန်းကို ရုရှားကျူးကျော်ချိန်မှစ၍ ၇ လအတွင်း ရုရှားထံမှ တရုတ်၏ စွမ်းအင် ထုတ်ကုန် အားလုံးဝယ်ယူမှုသည် အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံအထိ ရှိသည်။ ၂၀၂၁ ခုနှစ် အလားတူကာလတွင် ရုရှားမှ တရုတ်၏ စွမ်းအင်ဝယ်ယူမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရှိသည်။

စွမ်းအင်ဝယ်ယူမှုမြင့်မားလာခြင်းသည် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးအမြတ်ရှိသော ပူးပေါင်း ဆောင်ရွက်မှုကို ပြသနေသည်။ ရုရှားသည် အနောက်နိုင်ငံများမှ လျစ်လျူရှုထားသည့် စွမ်းအင်ထုတ်ကုန်များ အတွက် ဝယ်လက်ရထားပြီး တရုတ်က ရုရှားပေးသော လျှော့ဈေးကို အခွင့်ကောင်းယူလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required