ရှီကျင့်ဖျင်က စစ်အင်အားအပေါ် အလေးထား ဆောင်ရွက်နေ

By The Star
03 November 2022
ရှီကျင့်ဖျင်က စစ်အင်အားအပေါ် အလေးထား ဆောင်ရွက်နေ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က တရုတ်စစ်တပ် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်မြောက်သည့် ၂၀၂၇ ခုနှစ်အမီ စစ်တပ်အနေဖြင့် ပြီးမြောက်ရမည့် ကော်မတီက ချမှတ်ထားသော ရည်မှန်းချက်များကို ဆက်လက်အလေးထားရန် တရုတ်စစ်တပ်အား တိုက်တွန်းလိုက်သည်။

တရုတ်စစ်တပ် နှစ် ၁၀၀ ပြည့်မြောက်သည့် ၂၀၂၇ ခုနှစ်တွင် တရုတ်စစ်တပ်အတွက် ရည်မှန်းချက်များ ပြီးမြောက်ပြီး စစ်တပ်ကို ကမ္ဘာ့အဆင့်မီ အင်အားစုအဖြစ် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံကို ခေတ်မီပြီး ဆိုရှယ်လစ်နိုင်ငံဖြစ်လာစေရေးအတွက် ဗျူဟာမြောက် လိုအပ်ချက်များ ဖြစ်ကြောင်း ရှီက အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီညီလာခံ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၃ ရက်က ကွန်ဂရက်ညီလာခံပြီးနောက် အောက်တိုလာ ၂၄ ရက်တွင် ပထမဆုံးကျင်းပသည့် စစ်ဘက်ဆိုင်ရာ အစည်းအဝေး၌ တရုတ်သမ္မတလည်းဖြစ် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် ရှီက အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရေးသည် လာမည့် ၅ နှစ်အတွင်း တရုတ် လက်နက်ကိုင် တပ်ဖွဲ့များအတွက် အဓိက ရည်မှန်းချက်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ၎င်းရည်မှန်းချက်များ ပြည့်မီရန် မဖြစ်မနေ ကြိုးပမ်းအားထုတ်ရမည်ဟု ပြောကြားခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံးသည် စစ်တပ်ကို အားကောင်းစေမည့် ပါတီ၏ အတွေးအမြင်ကို စေ့စေ့စပ်စပ် နားလည်မှုရှိရန်၊ အတွေးအခေါ်၏ အနှစ်သာရကို ဂရုတစိုက် လေ့လာပြီး ကမ္ဘာ့အဆင့်မီ စစ်တပ်တည်ဆောက်ရန် ၎င်းတို့၏ အတွင်းစိတ်ကို တွန်းအားအဖြစ် ပြောင်းလဲရမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

“တပ်မှူးတွေ၊ အရာရှိတွေနဲ့ စစ်သားတွေအနေနဲ့ ရာစုနှစ်ရည်မှန်းချက်တွေ ပြည့်ဝစေဖို့ သူတို့တာဝန်တွေ ပြီးမြောက်ဖို့ အလုပ်လုပ်သင့်ပြီး အပြင်းအထန်လေ့ကျင့်သင့်ပါတယ်” ဟု ရှီက ဆိုသည်။

ရှီက အကြိမ် ၂၀ ကွန်မြူနစ်ပါတီညီာလာခံ ပထမဆုံး မျက်နှာစုံညီအစည်းအဝေးတွင် ဗဟိုစစ်ကော်မရှင်အသစ်အဖွဲ့ဝင်များကို ရွေးချယ်ခဲ့ကြောင်းနှင့် CPC၊ နိုင်ငံနှင့် လက်နက်ကိုင်အင်အားစုများ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ အရေးကြီးသော နိုင်ငံရေး ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက ပါတီနှင့်ပြည်သူက ပေးအပ်သော တာဝန်များကို အလေးထားရန်နှင့် အလုပ်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။

ရှီသည် ဗဟိုစစ်ကော်မရှင်၏ နှစ်ပတ်လည်စီမံချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာရန်နှင့် ၂၀၂၂ ခုနှစ်အတွက် ၎င်းတို့ လုပ်ငန်းတာဝန်များကို အချိန်နှင့်တပြေးညီ ပြီးမြောက်စေရန် စစ်ဘက်တပ်ဖွဲ့များအားလုံးကိုလည်း ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required