ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်လိုမှုများ မြင့်တက်နေပြီး လုံခြုံရေးပံ့ပိုးမှု အားနည်းနေဟု လွှတ်တော်အမတ် ပြော

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်လိုမှုများ မြင့်တက်နေပြီး လုံခြုံရေးပံ့ပိုးမှု အားနည်းနေဟု လွှတ်တော်အမတ် ပြော

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် အကြမ်းဖက်လိုမှုများ မြင့်တက်လျက် ရှိစဉ် ဒေသခံ ပြည်သူတို့က စိတ်မရှည်နိုင်တော့ဘဲ အကြမ်းဖက်မှုကို ဆန့်ကျင်ပြောဆိုနေကြပြီဖြစ်ကြောင်း အထက်လွှတ်တော် အမတ်ဟောင်း အာဖရာဆီယာဘ် ခါတက်ခ်က ပြောသည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဆွက်တောင်ကြားဒေသတွင် မကြာသေးခင်က တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု တစ်ဟုန်ထိုး မြင့်တက်လာခြင်းကြောင့် အဆိုပါဒေသ၌ ဆယ်စုနှစ်တစ်စုကျော် ကြာပြီးနောက် စစ်သွေးကြွများနှင့် အကြမ်းဖက်မှုက တစ်ကျော့ပြန် ပြန်လည်ခေါင်းထောင်လာနေပြီ ဆိုပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

ဒေသတွင် ပါကစ္စတန်တာလီဘန်တို့၏ လက်ချက်ကြောင့် အဝါမီ အမျိုးသားပါတီမှ တက်ကြွလှုပ်ရှားသူ ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ပက်ရှ်တွန် အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား ခါတက်ခ်က ပြောသည်။ ပါကစ္စတန်သို့ တာလီဘန်တို့ ပြန်ရောက်လာမှုနှင့်ပတ်သက်ပြီး ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တာလီဘန်တွေနဲ့ ညှိနှိုင်းဆွေးနွေးတာ၊ အပေးအယူ လုပ်တာတွေကို ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်သူတွေက ဆန့်ကျင်ထားပါတယ်။ ဒါကတော့ အမေရိကန်နဲ့ ဥရောပက တရုတ်ကို ပိတ်ပင်တားမြစ်ချင်ပြီး ကျွန်တော်တို့ ဧရိယာကို အသုံးချပြီးတော့ ပက်ရှ်တွန်တွေကို ထပ်ပြီး သွေးမြေကျစေချင်တဲ့ ကစားပွဲသစ်တစ်ခုရဲ့ တစိတ်တဒေသဖြစ်ပါတယ်” ဟု ခါတက်ခ်က ပြောကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။

ဆွက်တောင်ကြားဒေသတွင် မကြာသေးခင်က တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့၏ လှုပ်ရှားမှုများနှင့် စစ်သွေးကြွများ၏ ရည်ရွယ်ချက်ထား သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကြောင့် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly