ပါကစ္စတန်တွင် TTP အကြမ်းဖက်အဖွဲ့ ပြန်လည်အားကောင်းလာခြင်းအပေါ် စိုးရိမ်မှုများ ဖြစ်နေ

By The Print
02 November 2022
ပါကစ္စတန်တွင် TTP အကြမ်းဖက်အဖွဲ့ ပြန်လည်အားကောင်းလာခြင်းအပေါ် စိုးရိမ်မှုများ ဖြစ်နေ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မကြာသေးခင်က ကျောင်းကားတစ်စီး တိုက်ခိုက်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီး အကြမ်းဖက်လိုမှုများ မြင့်တက်လာနေခြင်းကြောင့် နိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ ပြန်လည်အားကောင်းလာနေပြီ ဆိုပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က TTP အဖွဲ့မှ အကြမ်းဖက်သမား ၆ ဦးသည် နိုင်ငံ အနောက် မြောက်ပိုင်း ပက်ရှာဝါမြို့ရှိ စစ်တပ်စာသင်ကျောင်းကို တိုက်ခိုက်ခဲ့သည်။ ထို တိုက်ခိုက်မှုကြောင့် ကလေး ၁၃၂ ဦး အပါအဝင် လူပေါင်း ၁၄၇ ဦး သေဆုံးခဲ့သည်။

ပါကစ္စတန်တွင် TTP အဖွဲ့သည် ၂၀၀၇ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြား တိုက်ခိုက်မှုတချို့ လုပ်ဆောင်ရင်း ဝရုန်းသုန်းကား အခြေအနေ ဖြစ်စေခဲ့သည်။ ပက်ရှာဝါ တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပြီးနောက် အဆိုပါအဖွဲ့အပေါ် ပါကစ္စတန်အာဏာပိုင်တို့က နှိမ်နင်းရှင်းလင်းခဲ့သည့်အတွက် TTP အဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။ သို့သော် အဆိုပါအဖွဲ့သည် ယခုအခါ ပါကစ္စတန်တွင် ပြန်လည်ခေါင်းထောင်လာနေပြီဆိုပြီး မကြာသေးခင်က ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

၂၀၁၄ ခုနှစ် ပက်ရှာဝါ စာသင်ကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၁၄၀ ကျော်အနက် သူ၏ သားဖြစ်သူလည်း ပါဝင်ခဲ့ကြောင်း ပက်ရှ်တွန် တဟာဖက် လှုပ်ရှားမှုအဖွဲ့ (PTM) ၏ တည်ထောင်သူတစ်ဦး ဖြစ်သလို ရှေ့နေလည်းဖြစ်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်း ဖြစ်သည့် ဖေဇဲလ် ခန်းက အမ်စတာဒမ်အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့ EFSAS နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

ပက်ရှာဝါမြို့တွင် မွေးပြီး ထိုမြို့မှာပင် ပညာသင်ယူခဲ့သည့် ခန်းသည် တက္ကသိုလ်တက်စဉ် ကာလများအတွင်း အပါအဝင် ဘေးဖယ်ခံ လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် စိတ်အား ထက်သန် ခဲ့သူဖြစ်သည်။ သားဖြစ်သူ သေဆုံးမှုက ခန်းကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအပေါ် ဆက်လက် အာရုံစိုက်စေရန်နှင့် ၂၀၁၄ ဖြစ်စဉ်အတွင်း သေဆုံးခဲ့ရသည့် ကလေးများအတွက် တရားမျှတမှုရရေး အပတ်တကုပ် ကြိုးစားရန် တွန်းအားပေးရာရောက်ခဲ့သည်။

တောင်အာရှလေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS) အဖွဲ့နှင့် တွေ့ဆုံစဉ် ခန်းက သူ၏ အကြီးဆုံးသား သေဆုံးခြင်းကြောင့် ရရှိခဲ့သည့် စိတ်ဒဏ်ရာက စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်ကြောင်း ပြောပြီး သားဖြစ်သူကို ရှာရန် ဆေးရုံသို့ ရောက်နေသော အလောင်းများကို လိုက်ကြည့်ရသည့် နာကျင်ခံစားရမှုအကြောင်းကို ပြောပြခဲ့သည်။

စာသင်ကျောင်း တိုက်ခိုက်မှုဖြစ်စဉ် မဖြစ်ခင်၊ ဖြစ်ပွားချိန်အတွင်းနှင့် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပါကစ္စတန်အာဏာပိုင်တို့၏ အပြုအမူများက ထူးခြားနေခဲ့ကြောင်း ခန်းက ပြောသည်။ ထိုကဲ့သို့ ပုံမှန်မဟုတ်ဘဲ

တစ်မူထူးခြားနေမှုများထဲတွင် အာဏာပိုင်တို့က ထိုတိုက်ခိုက်မှုဖြစ်စဉ်သတင်းကိုပြည်တွင်းသတင်းများတွင် ဖော်ပြခြင်းထက် နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြစေရေးအပေါ်တွင် ပိုမိုအာရုံစိုက်ခဲ့ခြင်းလည်း ပါဝင်သည်ဟု ခန်းက ပြောသည်။

အထူးသဖြင့် စစ်သား အများအပြား ရှိလေ့ရှိသည့် ပက်ရှာဝါမြို့ရှိ စစ်တပ်နယ်မြေတစ်ခုတွင် တည်ရှိသော စာသင်ကျောင်းတစ်ခု၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ထိုတိုက်ခိုက်မှုက မည်သို့မည်ပုံ ဖြစ်ပွားခွင့်ရသွားခဲ့သည်ဆိုသည်နှင့်ပတ်သက်ပြီး သံသယများကို တိုးပွားစေခဲ့သည်။ ပါကစ္စတန်အာဏာပိုင်တို့သည် ကနဦးပိုင်းတွင် တိုက်ခိုက်သူ ဦးရေနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မထုတ်ဖော်ခဲ့ပေ။

“ကန့်သတ်နယ်မြေတစ်ခုထဲကို ဒီ အကြမ်းဖက်သမားတွေ ဘယ်လို ရောက်လာခဲ့တာလဲ ဆိုတာကို ကျောင်းသားမိဘတိုင်းက သိချင်ခဲ့ကြတယ်။ ပက်ရှာဝါဟာ တကယ့်ကို မဟာဗျူဟာကျ တည်ရှိတဲ့ မြို့တစ်မြို့ပါ။ စာသင်ကျောင်း ဘေးပတ်လည်မှာလည်း ရုံးနဲ့ စစ်တပ် တပ်မကြီးရဲ့ တပ်မှူးအိမ် ရှိနေခဲ့ပါတယ်” ဟု ခန်းက EFSAS ကို ပြောသည်။

ပစ်ခတ်မှုများကို အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းပစ်ခတ်မှုကို ဖြစ်မြောက်စေရန် ပါကစ္စတန်စစ်တပ်က ပံ့ပိုးပေးခဲ့ကြောင်း ခန်းက ပြောသည်။

ဖြစ်စဉ်တွင် တိုက်ခိုက်သူများက စစ်ဖက်အမှုထမ်းများကို ပစ်မှတ်ထားခဲ့ခြင်းမရှိသည့် အချက်အပေါ် အခြေခံပြီး ခန်းက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ထို့ပြင် အခြေခိုင်ပြီးဖြစ်သော စာသင်ကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ထိုစာသင်ကျောင်းက လိုက်နာခဲ့ခြင်း မရှိသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပွားမည့် နေရာများ၌ ကျောင်းသားများကို စုပြုံရောက်ရှိစေခဲ့ကြောင်း ခန်းက ပြောသည်။

ထို့ပြင် တိုက်ခိုက်မှုကို တုံ့ပြန်ဖြေရှင်းရန် စာသင်ကျောင်းသို့ ရောက်ရှိသွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များကိုလည်း ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သည့် စစ်သားများက ဝင်ခွင့်မပေးခဲ့ဟု ခန်းက ပြောကြားပြီး ယင်းက စစ်တပ်၏ ကြံရာပါ ဖြစ်နိုင်ခြေအပေါ် ထပ်မံညွှန်ပြနေသည်။ ဖြစ်စဉ်ဖြစ်ပြီးနောက် သိသိသာသာ နှောင့်နှေးကြန့်ကြာနေခဲ့ပြီးမှ ထူထောင်ဖွဲ့စည်းခဲ့သည့် တရားရေး ကော်မရှင်ကလည်း စုဆောင်းရရှိခဲ့သည့် အချက်အလက်များကို အများပြည်သူသိခွင့်ရစေရန် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly