ဖမ်းဆီးခံထားရသော တိဗက်ဘုန်းတော်ကြီးကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန် အထူးညှိနှိုင်းရေးမှူး တောင်းဆို

By Tibet Rights Collective
02 November 2022
ဖမ်းဆီးခံထားရသော တိဗက်ဘုန်းတော်ကြီးကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန် အထူးညှိနှိုင်းရေးမှူး တောင်းဆို

တရုတ်အစိုးရသည် အကျဉ်းကျနေသော တိဗက်ဘုန်းတော်ကြီးနှင့် ဘာသာရေးအတွေးအခေါ်ပညာရှင် ဂို ရှာရက် ဂတ်ဆိုကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးသင့်သည်ဟု တိဗက်အရေးဆိုင်ရာ အမေရိကန် အထူးညှိနှိုင်းရေးမှူး အူဇာဇေယျက ပြောကြားလိုက်သည်။

တိဗက်ဘုန်းတော်ကြီး၊ ဘာသာရေးအတွေးအခေါ်ပညာရှင်၊ တိဗက်ဘာသာရေးပညာနှင့် ယုံကြည်မှုအတွက် ပိုမိုလွတ်လပ်သောချဉ်းကပ်မှုကို ထောက်ခံအားပေးသူ ရှာရက်ဂတ်ဆိုကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်တွင် တရုတ်အာဏာပိုင်များက "ခွဲထွက်ရေးလှုံ့ဆော်မှု" စွဲချက်ဖြင့် စီချွမ်းပြည်နယ် ချန်ဒူမြို့တွင် ဖမ်းဆီးခဲ့ သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် လာဆာမြူနီစပယ်အလယ်အလတ်ပြည်သူ့တရားရုံးမှ ရှာရက်ဂတ်ဆိုကို ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။

“လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်အစိုးရက တိဗက်ဘုန်းတော်ကြီး ရှာရက်ဂတ်ဆိုကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ သူ့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီနှစ်ပတ်လည်နေ့မှာ တိဗက်လူမျိုးအားလုံးရဲ့ လူ့အခွင့်အရေး အတွက် ကျွန်မတို့ရဲ့ ထောက်ခံမှုကို ထပ်မံအတည်ပြုပြီး ဂိုရှာရက်ဂတ်ဆိုကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ထပ်မံ တောင်းဆိုပါတယ်” ဟု အမေရိကန်၏ တိဗက်အရေးဆိုင်ရာ အမေရိကန် အထူးညှိနှိုင်းရေးမှူး အူဇာဇေယျ က တွစ်တာတွင် ရေးသားခဲ့သည်။

“တိဗက်လူမျိုးတစ်ဦးကို တရုတ်အစိုးရက မှားယွင်းစွာ အကျဉ်းချတာက သေဒဏ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါ တယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တရုတ်ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချက်ဆန်က ပြောကြား ခဲ့သည်။

" ဂိုရှာရက်ဂတ်ဆိုကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသင့်ပါ တယ်။"

ရှာရက်ဂတ်ဆိုသည် နာတာရှည် အဆုတ်ရောဂါကို ခံစားနေရပြီး ထိန်းသိမ်းထားချိန်တွင် ဆေးကုသမှု ခံယူရန် ချန်ဒူမြို့တွင် ရှိနေခဲ့သည်။

၎င်းသည် ကျန်းမာရေးချို့တဲ့နေပြီး ထောင်ကျနေချိန်တွင် လုံလောက်သော ဆေးဝါးကုသမှုမခံရကြောင်း လက်ရှိအစီရင်ခံချက်များက ဖော်ပြနေသည်။

ရှာရက်ဂတ်ဆိုသည် ဘာသာရေးလွတ်လပ်ခွင့်ထောက်ခံအားပေးမှုကြောင့် ယခင်က ထောင်ကျခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly