ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်နိုင်ငံသားများအား မဲလာမပေးရေး အွန်လိုင်းလှုပ်ရှားမှု တရုတ်ပြုလုပ်

ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်နိုင်ငံသားများအား မဲလာမပေးရေး အွန်လိုင်းလှုပ်ရှားမှု တရုတ်ပြုလုပ်

တရုတ်အစိုးရကိုထောက်ခံသော သြဇာလွှမ်းမိုးရေး အွန်လိုင်းမှ လှုပ်ရှားမှုတစ်ခုက အမေရိကန်ဒီမိုကရေစီ၏ မကောင်းကြောင်း များကို ဖော်ပြနေပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်နိုင်ငံသားများ မဲမပေးရေးကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဆိုက်ဘာလုံခြုံရေး သုတေသီများက ပြောကြားလိုက်သည်။

DRAGONBRIDGE ဟုအမည်ပေးထားသော သြဇာလွှမ်းမိုးရေးလှုပ်ရှားမှုက “အမေရိကန်နှင့် မဟာမိတ်များအ ကြားနှင့် အမေရိကန်နိုင်ငံရေး စနစ်အတွင်း သွေးကွဲစေရန် ကြိုးပမ်းလုပ်ဆောင်နေသည်” ဟု အမေရိကန် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Mandiant က အောက်တိုဘာ ၂၆ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မဲပေးခြင်းသည် "အမေရိကန်၏ ရောဂါများကို ဖြေရှင်းနည်းမဟုတ်" ဟု အကြံပြုထားသည့် အင်္ဂလိပ်စကားပြော ဗီဒီယိုကို အခြားလှုပ်ရှားမှုများတွင် အဆိုပါအဖွဲ့က ဖြန့်ဝေခဲ့ပြီး အမေရိကန် ဥပဒေပြုအမတ်များသည် အရည် အချင်းမရှိသည့်အပြင် ဥပဒေပြုရေးလုပ်ငန်းစဉ်သည် အမေရိကန်တို့၏ ဘဝအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း ပြောကြားထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သြဇာလွှမ်းမိုးရေးလှုပ်ရှားမှုတွင်လူမှုမီဒီယာအကောင့်အတုများ အသုံးပြုခြင်းအပြင် အတုခိုးလိမ်ညာမှုများနှင့် လုပ်ကြံ ရေးသားထားသည့် သတင်းဆောင်းပါးများအပါအဝင် တရုတ်ဟက်ကာအဖွဲ့ကို အမေရိကန်အစိုးရ ကျောထောက် နောက်ခံပြုထားသော အဖွဲ့အဖြစ် ပုံဖော်ထားပြီး Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု အတွက် အမေရိကန်က တာဝန်ရှိသည်ဟု အခိုင်အမာဆိုထားကြောင်း ဗာဂျီးနီးယားအခြေစိုက် ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီက ပြောကြားသည်။

“ထို့ပြင် DRAGONBRIDGE က နိုင်ငံရေးအရ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ပါတီဝင်ဖြစ်မှု၊ အုပ်စုဖွဲ့မှုနှင့် ကွဲပြားမှု များသည် အမေရိကန်ဒီမိုကရေစီ၏ အခြေခံကျသောကဏ္ဍများဖြစ်လာကြောင်း အခိုင်အမာပြောဆိုသည့် အကြောင်းအရာကို ထုတ်လွှင့်ခဲ့သည်” ဟု ဗာဂျီးနီးယားအခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီက ပြောကြား ခဲ့သည်။

“နိုင်ငံရေးဖြစ်စဉ် ယိုယွင်းလာမှုနှင့် ကျရှုံးလာမည့် အထောက်အထားများကို ဖော်ပြသည့်အနေဖြင့် အတိုက် အခံပါတီများကို ထောက်ခံသည့် လူပုဂ္ဂိုလ်များကြား ထိပ်တိုက်ရင်ဆိုင်မှုများနှင့် FBI ၏ လုပ်ဆောင်ချက်များ အပါအဝင် လူမှုမီဒီယာတွင် ပြည်တွင်းစစ်အကြောင်း မကြာခဏ ဖော်ပြမှုများနှင့် နိုင်ငံရေးအရ ဖြစ်ပေါ်လာ သည့် အကြမ်းဖက်မှု ဖြစ်ရပ်များကို ယင်းလှုပ်ရှားမှုက ဖော်ပြလေ့ရှိသည်။

“ထိုသို့သော သတင်းများသည် DRAGONBRIDGE ၏ ယခင်က အမေရိကန်အပေါ် ဝေဖန်မှုများနှင့် အမေရိ ကန်လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုနှင့် မကျေနပ်မှုများဖြစ်ပေါ်စေချရန် ကြိုးပမ်းမှုများနှင့် အလား သဏ္ဍာန်တူသော်လည်း ယခုအခါ ပိုမို ရန်လိုလာပုံပေါ်သည်။"

ယင်းလှုပ်ရှားမှုအတွက် နိုင်ငံတစ်ခုကို Mandiant က တိုက်ရိုက်ရည်ညွှန်းခြင်းမရှိသော်လည်း၊ ယင်းလှုပ်ရှားမှုက "တရုတ်၏ နိုင်ငံရေးအကျိုးစီးပွားကို ပံ့ပိုးကူညီရန်" လုပ်ဆောင်နေသည်ဟု ကောင်းစွာယုံကြည်ရကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly