တရုတ်အာဏာပိုင်များသည် တင်းကျပ်သောကိုရိုနာဗိုင်းရပ်စ်စီမံချက်များအရ ကမ္ဘာ့အကြီး ဆုံး iPhone စက်ရုံရှိရာ ကျန်းကျိုးမြို့ရှိ ခရိုင်တစ်ခုအား အသွားအလာပိတ်ဆို့ထားသည်။
အသွားအလာပိတ်ဆို့မှုသည် နိုဝင်ဘာ ၂ ရက်တွင် စတင်ကာ ၇ ရက်ကြာမြင့်မည်ဖြစ်သည်။ ယင်းသို့ပိတ်ဆို့မှုသည် ကျန်းကျိုးမြို့ရှိ Foxconn စက်ရုံတွင် ထုတ်လုပ်သော iPhone 14 အသစ်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်။
တရုတ်ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများသည် သမ္မတ ရှီကျင့်ဖျင်၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒနှင့် ဆက်ရုန်းကန်နေရဆဲဖြစ်သည်။
အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ရပ်ဆိုင်းထားပြီး ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ရန် အကြံပြုထားကြောင်း WeChat လူမှုမီဒီယာပလက်ဖောင်းပေါ်တွင် အသိပေးထားသည်။
ကျန်းကျိုးသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး လူဦးရေ ၁၀ သန်းခန့် နေထိုင်ကြသည်။ အောက်တိုဘာ ၂၉ ထိ ၇ ရက်အတွင်း ပြည်တွင်းကူးစက်မှုအတည်ပြုလူနာ ၁၆၇ ဦးတွေ့ရှိခဲ့ပြီး ယခင်တစ်ပတ်က ၉၇ ဦးသာ တွေ့ရှိခဲ့သည်။
iPhone 14 စတင်ထုတ်လုပ်ပြီးနောက်သိပ်မကြာမီနှင့် ခရစ္စမတ်နှင့်တရုတ်နှစ်သစ်ကူးဈေးဝယ်ရာသီမတိုင်မီ Apple ကုမ္ပဏီအတွက် အဓိကကျသည့်အချိန်၌ အသွားအလာပိတ်ဆို့မှုချမှတ်လိုက်ခြင်းဖြစ်သည်။
ဝန်ထမ်းပေါင်း ၂၀၀,၀၀၀ ခန့်ရှိသော Foxconn ကုမ္ပဏီ၏ ကျန်းကျိုးစက်ရုံသည် Apple ဖုန်းသစ်များကို အဓိကထုတ်လုပ်သည်။