ကန်သမ္မတလောင်းရွေးပွဲ၏ အရေးကြီးနေ့ Super Tuesday တွင် ရီပတ်ဗလစ်ကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်လ်ထရမ့် ဦးဆောင်

ကန်သမ္မတလောင်းရွေးပွဲ၏ အရေးကြီးနေ့ Super Tuesday တွင် ရီပတ်ဗလစ်ကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်လ်ထရမ့် ဦးဆောင်

ဝါရှင်တန်၊ မတ်၊ ၂ ။             ။ လူမျိုးရေးခွဲခြားသူ၊ ဒီမိုကရေစီစနစ်၏ အန္တရာယ် စသည့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသော ဘီလျံနာသူဌေး ဒေါ်နယ်လ်ထရမ့်သည် အမေရိကန်သမ္မတလောင်းရွေးပွဲ၏ အရေးပါသောနေ့တစ်နေ့ဖြစ်သော Super Tuesday ရွေးကောက်ပွဲများတွင် ရီပတ်ဗလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ဦးဆောင်နိုင်ခဲ့သည်။

ဒေါ်နယ်လ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုပြည်နယ်အများအပြား၌ ပါတီအလိုက်သမ္မတလောင်းရွေးချယ်ပွဲများ တပြိုင်နက် ကျင်းပခဲ့သည့် မတ်လ၊ ၁ ရက်နေ့တွင် အဓိကပြိုင်ဘက် ရီပတ်ဗလစ်ကန်သမ္မတလောင်းများဖြစ်သည့် တက်ဒ်ခရုဇ် နှင့် မားကို့စ်ရူဘီယို တို့ကို ပြည်နယ်အများအပြားတွင် အသာရခဲ့သည်။

Super Tuesday တစ်ရက်တည်းတွင် ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီတို့၏ သမ္မတလောင်းရွေးချယ်ပွဲများကို ပြည်နယ်ပေါင်း ၁၁ ပြည်နယ်တွင် ကျင်းပခဲ့ရာ ဒေါ်နယ်လ်ထရမ့်က ပြည်နယ် ၇ ခုအထိ အနိုင်ရခဲ့သည်။

ဒေါ်လ်နယ်ထရမ့်၏ အဓိကပြိုင်ဘက်နှစ်ဦးအနက် တက်ဒ်ခရုဇ် မှာ ပြည်နယ် ၃ ခုတွင် အနိုင်ရခဲ့ပြီး မာ့ကို့စ်ရူဘီယိုမှာ ပြည်နယ် ၁ သာအနိုင်ရခဲ့သည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲများတွင်မူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ပြည်နယ် ၇ ခုထိ အနိုင်ရခဲ့ပြီး သူမ၏ပြိုင်ဘက် ဘာနေဆန်းဒါးက ပြည်နယ် ၄ ခုတွင် အနိုင်ရခဲ့သည်။

စကားအပြောအဆိုရမ်းကားသူအဖြစ် ဝေဖန်ခံရသော ဒေါ်နယ်လ်ထရမ့်သည် သမ္မတလောင်းရွေးပွဲရလဒ်များမထွက်ပေါ်မီ အင်္ဂါနေ့ညနေပိုင်းက ပြိုင်ဘက် မားကို့စ်ရူဘီယိုနှင့် တက်ဒ်ခရုစ်တို့ကို   ပြင်းထန်သောစကားလုံးများနှင့် ထိုးနှက်ခဲ့သော်လည်း ရလဒ်များထွက်ပေါ်လာအပြီး၌ သတင်းထောက်များနှင့်တွေ့ဆုံရာတွင်မူ စကားကိုငြင်ငြင်သာသာပြောဆိုသွားပြီး ပြိုင်ဘက်များ အနိုင်ရသွားသည့်ပြည်နယ်များအတွက်လည်း ဂုဏ်ပြုစကားပြောကြားသွားသေးသည်။

ဒေါ်နယ်လ်ထရမ့်သည် မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်ကို တံတိုင်းကာရမည်ဟူသော စကားအပါအဝင် အမေရိက ရောက် နိုင်ငံခြားသားများနှင့်ပတ်သတ်၍ရော၊ အခြားလူအများ အာရုံစိုက်သည့်အရေးကိစ္စများတွင်ပါ အငြင်းပွားစရာ စကားများ ပြောကြားထားသူဖြစ်ပြီး အမေရိကန်သမ္မတဟောင်းရော်နယ်လ်ရေဂင် ၁၉၈၀ ရွေးကောက်ပွဲတွင် စတင် အသုံးပြုခဲ့သော ‘ အမေရိက ပြန်လည်ကြီးကျယ်ခမ်းနားလာဖို့ တို့လုပ်စို့ ’ ဟူသည့် ဆောင်ပုဒ်နှင့် မဲဆွယ်စည်းရုံးလျှက်ရှိသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly