အာဖဂန်ပြည်သူများကို ဆက်လက်ထောက်ကူပံ့ပိုးသွားမည်ဟု ကာတာအစိုးရ ကတိပြု

By Tolo News
01 November 2022
အာဖဂန်ပြည်သူများကို ဆက်လက်ထောက်ကူပံ့ပိုးသွားမည်ဟု ကာတာအစိုးရ ကတိပြု

ကာတာနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ရှိ ညီနောင်ရောင်းရင်းများအတွက် တာဝန်သိစွာဖြင့် ဆက်လက် ထောက်ကူပံ့ပိုးသွားမည်ဖြစ်ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာမန် အယ်လ် သာနီက ပြောကြားလိုက်သည်။

ကမ္ဘာ့ ကုလသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် တွေ့ဆုံပွဲတစ်ခု၌ အယ်လ် သာနီက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အာဖဂန်နစ္စတန်မှာ ရှိတဲ့ ရောင်းရင်းညီအကိုတွေအတွက် ကာတာနိုင်ငံဘက်က လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ဝတ္တရားတွေအတိုင်း ထောက်ကူသွားမယ်ဆိုတဲ့ ကတိကဝတ်ကို မိမိတို့ ထပ်လောင်း အတည်ပြုပါတယ်။ အာဖဂန်ပြည်သူတွေနဲ့ သူတို့ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ခွင့်အတွက် ထောက်ကူပံ့ပိုးပေးသွားဖို့ မိမိတို့ဟာ အပြောင်းအလဲမရှိ၊ ခိုင်မာတဲ့ ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲထားပါတယ်” ဟု ကာတာ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြန်လည်ရင်ကြားစေ့ရေးကို လမ်းပွင့်စေရန် အာဖဂန်အရာရှိဟောင်းများ၊ နိုင်ငံရေးသမားဟောင်းများနှင့် ဆက်သွယ်ချိတ်ဆက်ရေးနှင့် နေရပ်ပြန်ရေးဆိုင်ရာ ကော်မရှင်ကို ဖွဲ့စည်းထားကြောင်း တာလီဘန်အစိုးရက ပြောသည်။

“စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့၊ ဆက်ဆံရေးတွေ ထူထောင်ဖို့နဲ့ တစ်ဦးနဲ့ တစ်ဦးအကြား လက်ခံဖို့ တာလီဘန်အစိုးရဟာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တစ်ရပ်ကို ကြေညာ ထားတယ်။ နောက်ပြီး ဖြေရှင်းချက်နည်းလမ်းတွေ လိုအပ်နေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်အောင်လို့ အာဖဂန်အရာရှိဟောင်းတွေ၊ နိုင်ငံရေးသမားဟောင်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်မှုနဲ့ နေရပ်ပြန်မှုဆိုင်ရာ ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်” ဟု အာဖဂန် တာလီဘန်အစိုးရအဖွဲ့၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဘီလယ် ကာရီမီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly