ပါကစ္စတန်တွင် အဓမ္မဖမ်းဆီးခံရသူများ ပျောက်ဆုံးမှုဖြစ်စဉ်များဆိုင်ရာ ဥပဒေမူကြမ်းအပေါ် စိုးရိမ်ပူပန်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

By The Print
01 November 2022
ပါကစ္စတန်တွင် အဓမ္မဖမ်းဆီးခံရသူများ ပျောက်ဆုံးမှုဖြစ်စဉ်များဆိုင်ရာ ဥပဒေမူကြမ်းအပေါ် စိုးရိမ်ပူပန်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

ပါကစ္စတန်နိုင်ငံတွင် အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းမည့် ပြစ်မှုဆိုင်ရာ ဥပဒေ (ပြင်ဆင်ချက်) မူကြမ်း ၂၀၂၂ ကို မကြာသေးခင် အတည်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က ထုတ်ဖော်လိုက်သည်။

ပါကစ္စတန် အထက်လွှတ်တော်၌ ပြီးခဲ့သည့် သီတင်းပတ်တွင် အတည်ပြုခဲ့သည့် ယခု ဥပဒေမူကြမ်းသည် ပါကစ္စတန် ပြစ်မှုဆိုင်ရာ ဥပဒေ ၁၈၆၀ ၊ ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ ၁၈၉၈ ၊ ကုန်ပစ္စည်းများကို လျှော့ဈေးဖြင့် စုပြုံတင်ပို့မှု ဆန့်ကျင်ရေး ဥပဒေမူကြမ်းနှင့် အစိုးရအချင်းချင်း ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကိစ္စ ဥပဒေမူကြမ်းတို့ကို ထပ်မံ ပြင်ဆင်ရန် တောင်းဆိုထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“ဒီ ဥပဒေမူကြမ်း ပြင်ဆင်ချက်မှာ အတင်းအဓမ္မ ဖမ်းဆီး ဖျောက်ဖျက်မှုကို ပြစ်မှုအဖြစ် အသိအမှတ်ပြုထားပြီး အဲဒါက လွတ်လပ်ခွင့်အပေါ် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဥပဒေမဲ့ ဒါမှမဟုတ် တရားမဝင် ပိတ်ပင်မှု အဖြစ် အဓိပ္ပါယ်ဖွင့်တယ် ဆိုပေမယ့်လည်း အဲဒီလို ကိုယ်စားလှယ် အဖွဲ့တွေအပေါ် အရပ်ဖက်က ထိန်းသိမ်း ကြီးကြပ်မှုကို ချဲ့ထွင်မယ့် ဥပဒေပုံစံသစ်တစ်ခု လိုတယ်ဆိုပြီး မဖော်ပြထားပါဘူး” ဟု HRCP က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးမှုများအတွက် အစိုးရအေဂျင်စီများတွင် တာဝန်ရှိသည်ဟုဆိုကာ ထုတ်ဖော်ထားသည့် ထောင်နှင့်ချီသော သက်သေခံထွက်ဆိုချက်များ၊ စွပ်စွဲချက်များ ရှိနေသည့်အတွက် ယင်းကဲ့သို့ သော ဥပဒေ ပြဋ္ဌာန်းချက်တစ်ခုက အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်မှုများကို ထိန်းချုပ်မည့် ထိရောက်သော ဥပဒေတစ်ရပ်ကို ဗဟိုပြုရမည် ဖြစ်ကြောင်း HRCP က ပြောသည်။

“ထောက်လှမ်းရေးအဖွဲ့ (ISI) လိုမျိုး အစိုးရအေဂျင်စီတွေရဲ့ လုပ်ပိုင်ခွင့်ကို ဆုံးဖြတ်ပေးမယ့် ဥပဒေ လိုပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးနိုင်တဲ့ တရားဝင် အာဏာပိုင်အဖွဲ့ ရှိတယ်လို့ အဆင့်မြင့် တရားရုံးတွေရဲ့ ရှေ့မှောက်မှာ ပြောဆိုမှုတွေ ရှိနေတာကြောင့်ပါ” ဟု လာဟိုး အခြေစိုက် HRCP အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly