ဖနောင့်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်လက်ကျန်ပွဲများကို ကာဇိုလာ လွဲချော်ဦးမည်

ဖနောင့်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်လက်ကျန်ပွဲများကို ကာဇိုလာ လွဲချော်ဦးမည်

လန်ဒန်၊ မတ် ၂ ။            ။ အာဆင်နယ်အသင်း၏ အဓိကကွင်းလယ်ကစားသမား ကာဇိုလာသည် ဖနောင့်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်များကို လွဲချော်ရဦးမည်ဖြစ်ကြောင်း နည်းပြ အာစင်ဝင်းဂါးက အတည်ပြု ပြောဆိုလိုက်သည်။

ကာဇိုလာသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ၂၀၁၆ မတ်လတွင် ဘောလုံးပြန်ကစားနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်ယခုအချိန်တွင် ဒူးဒဏ်ရာက သက်သာသော်လည်း ခြေဖနောင့်ဒဏ်ရာ ထပ်မံ ပေါ်ပေါက်လာသည့်အတွက် အာဆင်နယ်အသင်း၏ပွဲစဉ်များကို လွဲချော်ဦးမည် ဖြစ်သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသည့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

နည်းပြ အာစင်ဝင်းဂါးက 'ကာဇိုလာရဲ့ အခြေအနေက သိပ်မကောင်းပါဘူး။ သူ့မှာ ခြေဖနောင့်ဒဏ်ရာ ရှိနေပါတယ်။ သူ့ဒူးဒဏ်ရာက သက်သာနေပြီဖြစ်ပေမယ့် ခြေဖနောင့်ဒဏ်ရာပြဿနာရှိနေလို့ ကွင်းထဲကို ပြန်လာနိုင်ဦးမှာ မဟုတ်ပါဘူး' ဟု ပြောသည်။

ကာဇိုလာအပြင် အာဆင်နယ်၏ အားထားရသော ကွင်းလယ်ကစားသမားများဖြစ်သည့် ဝီလ်ရှိုင်းယားနှင့် ချိန်ဘာလိန်တို့မှာလည်း ဒဏ်ရာရရှိလျက်ရှိသည်။

ရာသီအစကတည်းက ခြေထောက်ကျိုးသွားခဲ့သည့် ဝီလ်ရှိုင်းယားမှာ ယခုတစ်ပတ်အတွင်း ပြန်ပြေးနိုင်ဖွယ်ရှိသော်လည်း ဘောလုံးကစားနိုင်ဦးမည်မဟုတ်သလို ချိန်ဘာလိန်မှာလည်း ခြောက်ပတ်မှ ရှစ်ပတ်ကြား အနားယူရဦးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly