ပညာရေး တရားခံပြေး

ပညာရေး တရားခံပြေး
မဇ္စျိမ

တရုတ်ပြည်သူ့ သမ္မတမြန်မာနိုင်ငံကစလို့ လွဲလိုက်တဲ့ အလွဲတွေဟာ အလွဲအလှူကြီး ပေးနေ သလားတောင် အောက်မေ့ရပါတယ်။ ရှစ်တန်း၊ လေးတန်း မေးခွန်း ပေါက်ကြားမှု၊ သုံးတန်းနဲ့ နှစ်တန်း   မေးခွန်း မှားဖြေခိုင်းမှု စတာတွေ တောက်လျှောက် ပေါ်ပေါက်လာတာ တွေ့ရတယ်။ အမှန်တော့ ဒါတွေဟာ ရှေးပဝေသဏီကတည်းက ဖြစ်ခဲ့တာပါ။ အခုမှ အင်တာနက်နဲ့ အခြား သတင်းမီဒီယာတွေကြောင့် ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်ကြီး သိရှိလာကြရတာ ဖြစ်ပါတယ်။

ရှစ်တန်း၊ လေးတန်းမေးခွန်း ပေါက်ကြားမှုကြီးသတင်း ကြားရတော့ မောင်မှန် ရယ်(ရီ)မိတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ မေးခွန်းပေါက်ကြားမှုက အတန်းတိုင်းလို ဖြစ်ခဲ့တာပဲဟာ။   ကျောင်းစစ်တွေ အဆိုးဆုံးပဲ၊ ဒါကလည်း ပြောစရာတော့ ရှိတာပေါ့လေ။ သင်ယူပြီးမြောက်မှုစနစ် (တစ်လစာ၊ တစ်လချင်းဖြေ)နဲ့သွားတော့ ဒါကျက်၊ ဒါဖြေမို့ မေးခွန်းမှန်းရတာ လွယ်တယ်လို့လေ။ ဒါလည်း ဟုတ်တာပါပဲ။

ဆရာဗဟိုပြုစနစ် ကျောင်းသားဗဟိုပြုစနစ် အလွတ်ကျက်ပညာရေး၊ နားလည်အောင် သင်တဲ့ ပညာရေး အစရှိသဖြင့် နိုင်ငံတကာပညာရေး ပုံစံတွေ မျိုးစုံအောင် ရှိပါတယ်။ ပညာရေး ပညာရှင်တွေ ပိုသိကြမှာပါ။ အဲဒီပညာရေးပုံစံတွေ ဗမာပြည်ထဲရောက်လာတဲ့အခါ မူလပုံပျောက်ပြီး ဗမာနည်းဗမာ့ ဟန် ဆိုရှယ်လစ်တို့၊ ဗမာနည်းဗမာ့ဟန် ဒီမိုကရေစီတို့လို ဗမာနည်းဗမာ့ဟန် ပညာရေးပဲ ဖြစ်ကုန် ကြပါတော့တယ်။ ဒါကို ပညာရေးပညာရှင်တွေ ရိပ်စားမိ၊ မမိတော့ မောင်မှန်မသိပါဘူး။ မောင်မှန်တို့ ဗမာစာရေးတတ်၊ ဖတ်တက်ရုံရှိတဲ့ကောင်တောင် ကောင်းကောင်းကြီး ရိပ်စားမိပါတယ်။ ပညာရေး ဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံမဟုတ်လား၊ ဗမာနည်းဗမာ့ဟန် ဆိုရှယ်လစ်၊ ဒီမိုကရေစီတွေရဲ့ လက်အောက်ခံပညာရေးဟာ ဗမာနည်းဗမာ့ဟန် ပညာရေးပဲ ဖြစ်ရတာ မဆန်းပါဘူးခင်ဗျာ။

ဒီပညာရေး ကောင်း၏၊ မကောင်း၏ ဆိုတာကိုတော့ သိပ်အထူးပြုပြောစရာ လိုမှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပညာရေးစနစ်ကြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့   ကျောင်းသား   တွေကိုတော့ ခုထိ ထောင်ထဲထည့်ထားဆဲပါ၊ ပုဒ်မတွေ တစ်ခုပြီးတစ်ခု တိုးပြီးရင်း တိုးနေဆဲပါ။ ပြီးတော့ အသစ်စက်စက် အနိုင်ရလွှတ်တော် ကိုယ်စာလှယ်ကြီး ပါမောက္ခချုပ်ဟောင်း   ဒေါက်တာ အောင်သူကလည်း ပညာရေးဥပဒေ ပြောင်းစရာမလိုဘူးလို့ ပြောခဲ့ပြန်ပါသေးတယ်။ ဒီတော့ ဗမာပြည် ပညာရေးရဲ့ အနာဂတ်ဟာ သိပ်တွေးရဲစရာတောင် မရှိပါဘူး။

 လက်ရှိဖမ်းထားပြီး ကျောင်းသားတွေအပြင် မလုံလောက်သေးလို့ ထင်ပါရဲ့၊ နောက်ထပ် ရုံးတင် တရားစွဲတာတွေလည်း ဆက်တိုက် လုပ်နေပါသေးတယ်။ အဲဒီလို တရားစွဲခံရတဲ့အထဲမှာ ၈၈ (ငြိမ်း/ပွင့်)က ဒေါ်နီလာသိန်းတစ်ယောက်လည်း အပါအဝင်ပါ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒီမိုကရေစီပညာရေး သပိတ်စစ်ကျောင်းကို သမိုင်းလမ်းဆုံကစပြီး ထောက်ခံ ဆန္ဒပြခဲ့တဲ့အ တွက်လို့ ဆိုပါတယ်။ အမှုက တစ်နှစ်တောင်ကျော်ပါပြီ။ အခုမှပဲ တစ်ရေးနိုးသော် အကြံပေါ် ဖြစ်ရဟန် ရှိတယ်။ မည်သို့ပင်ဖြစ်စေ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ စကားရှိတယ်မို့လား။ (မကောင်းတဲ့ပညာ ရေးကြီးကို ကောင်းအောင် ကြိုးပမ်း အားထုတ်ခြင်းဟာ ရာဇဝတ်မှု မြောက်ပါတယ်။) တရားစွဲပြီး မကြာမီမှာ ဒေါ်နီလာသိန်းကို တရားရုံးက တရားခံပြေး ကြေညာတယ်လို့ သိလိုက်ရတယ်။ မောင်မှန့် စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ ဒေါ်နီလာသိန်းနဲ့ ပတ်သက်လို့ တစ်ခုခု လွဲနေပြီလို့လည်း ထင်မိတယ်။ တရားရုံးရှေ့ရောက်လာတဲ့ ဒေါ်နီလာသိန်းက အဖြစ်မှန်ကို ပြောတော့မှပဲ မောင်မှန်လည်း သိရပါ တော့တယ်။

"ကျမ နေအိမ်လိပ်စာအမှားနဲ့ ကျမကို လိုက်ရှာတယ်။ ပြီးတော့ တရားခံပြေးအဖြစ် ကြေညာ တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်။ နောက်ပြီး စခန်းမှူးတစ်ယောက် ဟာ အလုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ လက်အောက်က နယ်ထိန်းရဲတွေကိုပဲ စစ်ဆေးခိုင်းပြီး သေချာမရှာဘဲ ကျမကို တရားခံပြေး ကြေညာတာဖြစ်တဲ့အတွက် ကျမတို့ကို တရားလိုပြုလုပ် တရား စွဲဆိုတဲ့ ရဲအုပ်သန်းဝင်းကို အရေးယူသင့်ကြောင်း တရားရုံးမှာ လျှောက်လိုက်တယ်။ နောက်ပြီး ဒီအမှုမှာ ကျမ အာမခံ လုံးဝမယူဘူး" လို့ ဒေါ်နီလာသိန်းက ပြောပါတယ်။ ဒေါ်နီလာသိန်းက ရဲတွေ သေချာအလုပ်မလုပ်လို့ အလုပ်လုပ်အောင် တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။ တရားခံပြေးအဖြစ် ကြေညာတာကိုလည်း လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ဆိုပါတယ်။

ဒီစကားကျတော့ မောင်မှန် စဉ်းစားသွားရပါပြီ။ တရားခံပြေးအဖြစ် ကြေညာခံရခြင်းဟာ လူ့ဂုဏ်သိက္ခာကို ဘယ်လိုညှိုးနွမ်းစေသလဲဆိုတာ မောင်မှန် စဉ်းစားရပါပြီ။ ဒေါ်နီလာသိန်းပြောတဲ့ သဘောကိုတော့ မောင်မှန်အခုလို နားလည်ပါတယ်။ အခုဖြစ်စဉ်မှာ ဒေါ်နီလာသိန်းဟာ တရားစွဲဆိုမှု ကို ရင်ဆိုင်ဖြေရှင်းမှာသာ ဖြစ်တယ်။ ထွက်ပြေးမှာ မဟုတ်ဘူး။ ဒါကို ရဲက လိပ်စာအမှားနဲ့ သွားရှာပြီး မတွေ့ဘူးဆိုတာ ဆရားရုံးက တရားခံပြေး ကြေညာတာ၊ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းမယ် သူ့ကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကြေညာတာဟာ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ဆိုလိုဟန် တူပါတယ်။

တရားခံပြေး ကြေညာမှုနဲ့ ပတ်သက်ပြီး မောင်မှန်နားလည်ချက်ကျတော့ တစ်မျိုးခင်ဗျာ၊ ဘယ်လို အစိုးရ အုပ်စိုးသူမျိုးက ကြေညာသလဲဆိုတာ အရင်ဆန်းစစ်သင့်တယ် ထင်ပါတယ်။ ဗမာပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ့ကိုယ်စားလှယ် အမှန်အကန်တွေ ပါဝင်ရေးဆွဲခဲ့သ လားဆိုတာကစ ကြည့်ကြရမယ် ထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်သူတွေ ရေးဆွဲခဲ့ပါသလဲ။ (မောင်မှန်သတိမထားမိလိုက်ဘူး) ဘယ်သူတွေ ထောက်ခံခဲ့သလဲ၊ (၉၄.၄ ရာခိုင်နှုန်းဆိုလား ပြောတာပဲ)။ အဲဒီ့ ဖွဲ့စည်ပုံအရ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ပေါက်ခဲ့တဲ့ အစိုးရကရော ဘယ်လို အစိုးရလဲ။ (ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အရပ်သား အစိုးရဆိုပဲ)။ အခု ဒေါ်နီလာသိန်းကို တရားခံပြေးကြေညာတာ ၂၀၁၀ အရပ်သားအစိုးရပါ။ ရှေ့ပိုင်းမှာ ကြေညာခဲ့တဲ့ တရားခံပြေးစာရင်း တွေလည်း မနည်းလှပါဘူး။

နယ်ချဲ့ အင်္ဂလိပ်ခေတ်တုန်းက တောင်သူလယ်သမားခေါင်ဆောင် ဆရာစံ ဝရမ်းပြေး ဖြစ်ဖူး တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဝရမ်းထုတ်ခံရဖူးတယ်။ နယ်ချဲ့အင်္ဂလိပ်ထက် ပိုဆိုးတဲ့ ဖက်ဆစ်ဂျပန် ခေတ်ကျတော့ ဂျပန်က တော်လှန်ရေးသမားတွေကို မိတာနဲ့ အပြီးစီရင်တာပဲ။ တရားခံပြေးတွေ ဘာတွေလည်း ကြေညာမနေဘူး။ ဒီတော့ တိမ်းရှောင်ပြီး တော်လှန်ရေးလုပ်ငန်း   ဆောင်ရွက်ရသူတွေ မနည်းဘူး ဖြစ်လာတယ်။ လွတ်လပ်ရေးခေတ်မှာ ဒီမိုကရေစီ နည်းနည်းရှိမယ်။ မ.ဆ.လခေတ်ကျ တော့ ဆိုးသွားပြီ။ မ.ဆ.လ နောက်ပိုင်းမှာကျ ဆိုးသထက် ဆိုးသွားပါပြီ။ ဖမ်းဟယ်၊ ဆီးဟယ်၊ ပြေးဟယ်၊ လွှားဟယ်နဲ့ ဘဝတွေလည်း ပျက်ခဲ့ကြပါပြီ။

မောင်မှန့်အယူအဆဟာ ကိုယ်နဲ့နှိုင်း မရိုင်းဆိုသလို မောင်မှန့် ဖြတ်သန်းမှုကနေ ထွက်ပေါ်လာ တာတော့ အမှန်ပဲခင်ဗျ။ မောင်မှန်သာဆိုရင် တရားခံပြေးဖြစ်ဖို့နေနေသာသာ တရားခံဖြစ်မယ့် ဘယ်အလုပ်မျိုးကိုမှ မလုပ်ဝံ့ပါ၊ မတော်တဆ လုပ်မှားကိုင်မှား သတိမထားမိလို့ ဖြစ်သွားခဲ့ရင်လည်း တရားခံပြေးမကလို့ ဘာပဲကြေညာ၊ ကြေညာ နောက်ပြန်လှည့်ကြည့်မှာကို မဟုတ်ပါဘူး။ နောက်ကျ တဲ့ခြေထောက် သစ္စာဖောက်ပါပဲ။

ဘာပဲဖြစ်ဖြစ် အခုဖြစ်စဉ်မှာ ဒေါ်နီလာသိန်း ရင်ဆိုင်ဖြေရှင်း ပြောဆိုပုံတွေကို မောင်မှန်အများ ကြီး လေးစားအားကျပါတယ်။ ထိုနည်းတူစွာပဲ မကောင်းတာကို ကောင်းအောင်လုပ်ဖို့ ကြိုးပမ်းအား ထုတ်နေကြတဲ့ သပိတ်မှောက် ကျောင်းသားများနဲ့ ဝန်းရံပြည်သူများကိုလည်း မောင်မှန်က ဦးညွတ် လိုက်ပါတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly