ပါကစ္စတန် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အကြမ်းဖက်မှု စွဲချက်များဖြင့် အမှုဖွင့်ခံရ

ပါကစ္စတန် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အကြမ်းဖက်မှု စွဲချက်များဖြင့် အမှုဖွင့်ခံရ

ပါကစ္စတန်၏ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် ပက်ရှ်တွန် တဟာဖက်ဇ် လှုပ်ရှားမှု (PTM) ၏ ခေါင်းဆောင် မန်ဇူအာ ပက်ရှ်တင်းသည် အစိုးရအာဏာပိုင်တို့အပေါ် ဝေဖန်ပြောဆိုမှုအတွက် ယခုအခါ အကြမ်းဖက်မှု စွဲချက်များဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

နိုင်ငံတွင် အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးနေခြင်းနှင့် အဓမ္မ ဖမ်းဆီးထိန်းသိမ်းမှုများကို အရေးယူဆောင်ရွက်ရန် အာဏာပိုင်တို့ ဝန်လေးနေသည်ဆိုပြီး မိန့်ခွန်းတစ်ခု ပြောဆိုခဲ့သည့်အတွက် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

‘အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးနေခြင်းနှင့် အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းမှုများကို ပြစ်မှုအဖြစ် ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ရန် ဝန်လေးနေမှု’ ဆိုသည့် ခေါင်းစဉ်ဖြင့် ပုဂ္ဂလိက ဟိုတယ်တစ်ခု၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောဆိုခဲ့မှုအတွက် လာဟိုး ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပက်ရှ်တင်းကို အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် အမှုဖွင့်ခဲ့သည်။

ထို အခမ်းအနားတွင် ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သလို ဘာလိုချီစတန် အမျိုးသားပါတီ-မန်ဂဲလ်၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဆာဒါ အက်ခ်တာ ဂျန် မန်ဂဲလ်နှင့် တက်ကြွလှုပ်ရှားသူ ဆမ်မီ ဒင်းန် ဘာလို့ချ်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

နိုင်ငံမှ ဖယ်ထုတ်ခြင်း ဆိုသည့် မူဝါဒဖြင့် ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ယခင် ဖက်ဒရယ်က အုပ်ချုပ်သော မျိုးနွယ်စု ဧရိယာများ (FATA) တွင် ကျူးလွန်နေသည့် ဥပဒေမဲ့သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် အစိုးရအဖွဲ့ အစည်းများ ရှိနေကြောင်း ပက်ရှ်တင်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံသစ္စာဖောက်မှုနှင့် အကြမ်းဖက်မှု စွဲချက်များဖြင့် အမှုဖွင့်ခံထားရကြောင်း ပက်ရှ်တင်းက တွစ်တာတွင် ရေးသည်။ “ဖိနှိပ်မှုတွေနဲ့ ရက်စက်မှုတွေကို ဆန့်ကျင်ပြီး အမှန်တရားကို ထုတ်ဖော်တဲ့ အသံတွေကို အမှုဖွင့်တာ တွေ၊ ထောင်ချတာတွေ ဒါမှမဟုတ် ဝါဒဖြန့်တာတို့နဲ့ ဖိနှိပ်လို့ မရနိုင်ပါဘူး။ တရားမျှတမှု ပေးအပ်တာကပဲ တကယ့် ဖြေရှင်းနည်း ဖြစ်ပါတယ်” ဟု ပက်ရှ်တင်းက အူရဒူ ဘာသာဖြင့် ရေးသားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly