ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များကြောင့် တိဗက်မြို့တော်တွင် ဆန္ဒပြပွဲများဖြစ်ပွား

ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များကြောင့် တိဗက်မြို့တော်တွင် ဆန္ဒပြပွဲများဖြစ်ပွား

တိဗက်ဒေသမြို့တော် လာဆာတွင် ဒေါသထွက်နေကြသည့် ဒေသခံများက တရုတ်အာဏာပိုင်များ၏ ၂ လ ကျော်ကြာ ပြင်းထန်သော ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများအား အောက်တိုဘာ ၂၆ရက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု RFA က ဖော်ပြလိုက်သည်။

တရုတ်အစိုးရ၏ လူနည်းစုတိဗက်လူမျိုးအပေါ် ဆက်ဆံမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည့် ၂၀ဝ၈ခုနှစ် တိဗက်အုံကြွမှုနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဆန္ဒပြပွဲများဖြစ်သည်။

ယင်းအုံကြွမှုကို တရုတ်ရဲနှင့် စစ်တပ်က ဖြိုခွင်းခဲ့မှုကြောင့် ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။

လမ်းမများပေါ်တွင် ဆန္ဒပြသူအများအပြားကို RFA မှ ရရှိခဲ့သော ဗီဒီယိုများတွင်တွေ့မြင်ရသည်။ နေ့ခင်းဘက် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် အဖြူရောင် ကာကွယ်ရေးဝတ်စုံဝတ်ထားသော တာဝန်ရှိသူများက အနီးတွင် ရပ်နေချိန်တွင် လူများစုက ရပ်နေခြင်း သို့မဟုတ် တိုးဝှေ့နေကြသည်ကို တွေ့မြင်ရသည်။

ညဘက်ရိုက်ကူးထားသည့် ဗီဒီယို ၂ ခုတွင် လူအုပ်ကြီးနှင့် ကားများက လမ်းမကြီးတစ်ခုကို ပိတ်ဆို့ပြီး လူအုပ်ကြီးက အော်ဟစ်ကာ ရှေ့သို့ချီတက်လာကြသည်။

ဆန္ဒပြသူများက ဗီဒီယိုများတွင် တိဗက်နှင့် မန်ဒရင်းတရုတ်ဘာသာစကား နှစ်မျိုးစလုံးကို ပြောဆိုနေကြ သော်လည်း မည်သည့်အကြောင်းအရာကို ပြောဆိုနေသည်ကို မသိရပေ။

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ ပြဋ္ဌာန်းထားသည့် ကိုဗစ်ပိတ်ဆို့ကန့်သတ်ချက်များကို ရုပ်သိမ်းရန် ငြင်းဆိုပါက ဆန္ဒပြသူများက "မီးရှို့" မည်ဖြစ်ကြောင်း သတိပေးခဲ့ကြောင်း RFA ၏ တိဗက်ဌာနမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အရပ်သားများနှင့် တရုတ်ရဲများကြား ရုန်းရင်းဆန်ခတ်မှုများ ပြင်းထန်လာမည်ကို လာဆာမြို့မှ တိဗက်ဒေသ ခံများက စိုးရိမ်နေကြောင်း သတင်းရင်းမြစ်တစ်ခုက RFA ကို ပြောကြားခဲ့သည်။

လာဆာမြို့နှင့် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ခံရမှုများဆက်လက်မြင့်များနေခြင်းကြောင့် လာဆာမြို့ တွင် ပိတ်ဆို့ကန့်သတ်ခြင်းအား သြဂုတ်လအစောပိုင်းတွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly