တရုတ်တွင် ဆောင်းမတိုင်မီ ကိုဗစ်ကူးစက်မှုမြင့်တက်လာသဖြင့် လူသန်းပေါင်းများစွာ အသွားအလာပိတ်ဆို့ ခံရ

တရုတ်တွင် ဆောင်းမတိုင်မီ ကိုဗစ်ကူးစက်မှုမြင့်တက်လာသဖြင့် လူသန်းပေါင်းများစွာ အသွားအလာပိတ်ဆို့ ခံရ

တရုတ်နိုင်ငံမြို့ကြီးများမှ တာဝန်ရှိသူများသည် ဆောင်းရာသီ နီးကပ်လာချိန်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် နေရာများအား အလျင်အမြန်ပိတ်ပစ်ခြင်းနှင့် သန်းပေါင်းများစွာသော ပြည်သူများကို ယာယီအသွားအလာပိတ်ဆို့ခြင်းဖြင့် စိတ်ထင်တိုင်း လုပ်ဆောင်လျက်ရှိသည်။

တရုတ်ပြည်မကြီးတွင် အောက်တိုဘာ ၃၀ ရက်က ရောဂါကူးစက်သူ ၂ ၈၉၈ ဦးရှိခဲ့ပြီး ၂ ရက်ဆက်တိုက် ကူးစက်သူ ၂ ၀၀၀ ကျော်ခဲ့ခြင်းဖြစ်ကာ နိုင်ငံ၏ အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တွန်းအားပေးလျက်ရှိသည်။ ယင်းမူဝါဒက စီးပွားရေးကို အဟန့်အတားဖြစ်စေသလို နိုင်ငံသားများကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ကွမ်တုံးပြည်နယ်မှ ထုတ်ကုန်ဗဟိုချက် ကွမ်ကျိုးမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုဗစ်ကူးစက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး တချို့ခရိုင်များကို ပိတ်ဆို့ထားရသည်။ ကွမ်ကျိုးလူဦးရေ၏ ၁၀ ပုံ ၁ ပုံရှိသော ဟိုင်ကျူးခရိုင်မှ လူပေါင်း ၁ ဒသမ ၈ သန်းမှာ ကန့်သတ်မှုဒဏ်ကို အဆိုးဆုံးခံစားခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အတည်ပြုလူနာ ၄၀၂ ဦးတွေ့ရှိခဲ့သည့် ကွမ်ကျိုးမြို့တွင် အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း ၁ ၁၀၀ ဦးအထိ ကူးစက်မှုရှိလာသည်။

မြို့အတွင်း ကိုဗစ်ကန့်သတ်မှုစီမံချက်များကြောင့် အောက်တိုဘာ ၃၁ ရက်မှစ၍ ရှန်ဟိုင်း ဒစ္စနေအပန်းဖြေဥယျာဉ်တစ်ခုလုံး ပိတ်လိုက်ပြိဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က ကြေညာခဲ့သည်။

အာဏာပိုင်များသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒါတောင်၊ ရှီနင်း၊ နန်ကျင်း၊ ရှီအန်း၊ ကျန်းကျိုးနှင့် ဝူဟန်တို့တွင် မြင့်တက်လာသော ကိုဗစ်ကူးစက်မှုများကို ကိုင်တွယ်ရန် အသည်းအသန်လုပ်ဆောင်ခဲ့ရပြီး တချို့ရပ်ကွက်များတွင် ယာယီပိတ်ဆို့မှုစီမံချက်များ အတင်းအကျပ်ချမှတ်ခဲ့သည်။

မြောက်ကိုရီးယားနှင့် နယ်နိမိတ်ထိစပ်နေသော ဟေးလုံကျန်းပြည်နယ်ရှိ မူဒါကျန်းမြို့တွင် တချို့နေရာများ၌ ယာယီပိတ်ဆို့မှုများ သတ်မှတ်ခဲ့သည်။ မြောက်ကိုရီးယား၊ ရုရှားနှင့် မြန်မာနိုင်ငံတို့နှင့် နယ်နိမိတ်များနှင့်ကပ်လျက်ရှိသည့် ဒန်တောင်၊ ရွှီဟွာနှင့် ရွှေလီတို့တွင်လည်း ရောဂါကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required