ထိုင်ဝမ်အရေးအပါအဝင် နယ်ပယ်အားလုံး၌ တရုတ်အပေါ် ဂျာမနီ၏ သဘောထား ပိုမိုတင်းမာလာ

ထိုင်ဝမ်အရေးအပါအဝင် နယ်ပယ်အားလုံး၌ တရုတ်အပေါ် ဂျာမနီ၏ သဘောထား ပိုမိုတင်းမာလာ

ထိုင်ဝမ်အပေါ် တရုတ်၏တင်းမာသောရပ်တည်မှု၊ စက်မှုပိုင်းဆိုင်ရာ သူလျှိုမှု၊ ရှင်ကျန်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မမျှတသောယှဉ်ပြိုင်မှုများကြောင့် ဂျာမနီသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် ပါတီညီလာခံအပြီးတွင် တရုတ်နှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်လျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက်ညီလာခံ၌ ရှီကျင့်ဖျင်က နောက်ဆုံးကျန်ရှိသော စဉ်းစား ချင့်ချိန်နိုင်သော CCP ခေါင်းဆောင်များကို ဖယ်ရှားပစ်ပြီး အာဏာရှင်အုပ်ချုပ်ရေးကို မြဲမြံစေကာ သစ္စာခံများ ဖြင့်သာ ၎င်းကိုယ်၎င်း ဝန်းရံထားလိုက်ခြင်းက ဂျာမနီအား တရုတ်နှင့်ဆက်ဆံရေးကို ပြန်လည်တွက်ချက်ရန် တွန်းအားဖြစ်စေခဲ့သည်။ လာမည့်နှစ်တွင် ဂျာမနီနိုင်ငံ၏ ပထမဆုံးသော တရုတ်မဟာဗျူဟာစာတမ်းကို ပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင် ဂျာမနီဝန်ကြီးချုပ် အိုးလက်ဖ်ရှော့ဖ်က ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေးတွင် အကြမ်းဖက် မှုကို တားမြစ်ရမည်ဟု ပြောဆိုခဲ့ကြောင်း Voices Against Autocracy က ဖော်ပြသည်။

ဒီဇင်ဘာလက တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ၃ ပါတီ ညွန့်ပေါင်းအစိုးရသည် လာမည့်နှစ်တွင် ဂျာမနီ၏ ပထမဆုံး တရုတ်မဟာဗျူဟာစာတမ်းကို ထုတ်ပြန်မည်ဖြစ်သည်။ တရုတ်နှင့် အမေရိကန်ပုံစံ စစ်အေးစစ်ပွဲ အစပြုမှုကို ရှောင်ရှားလိုသော ဝန်ကြီးချုပ် အိုးလက်ဖ်ရှော့ဇ်၏ ဆိုရှယ်ဒီမိုကရက်ပါတီ (SPD) ဝင်များသည် Greens နှင့် Free Democrats ပါတီဝင်များထက် သဘောထား ပိုတင်းမာသည်။ လွန်ခဲ့သောလက ဂျာမနီ စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်က အစိုးရသည် တရုတ်အပေါ် မှီခိုမှုလျှော့ချရန် တရုတ်နှင့် ကုန်သွယ်မှုမူဝါဒသစ်လုပ်ဆောင်နေကြောင်းပြောခဲ့ပြီး တရုတ်နှင့် ကုန်သွယ်လုပ်ငန်းများတွင် အယုံမလွယ်တော့ကြောင်း ကတိပြုခဲ့သည်။

စီးပွားရေးဝန်ကြီးဌာနကို ဦးဆောင်သော Green Party သည် တရုတ်နိုင်ငံအပေါ် ပိုမိုမာကျောစွာဆက်ဆံရန် ကာလရှည်ကြာ ထောက်ခံခဲ့ပြီး ဂျာမနီသည် ကုန်သွယ်ရေးတွင် ပိုမိုပြင်းထန်သော ချဉ်းကပ်မှုတစ်ရပ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ဟာဘက်က ကြေညာခဲ့သည်။

ဂျာမနီမှ နိုင်ငံရေးသမားများနှင့် အမှုဆောင်အရာရှိများသည် စက်မှုနယ်ပယ်ဆိုင်ရာ သူလျှိုမှု၊ မမျှတသော ယှဉ်ပြိုင်မှု သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ်အပေါ် စီးပွားရေးအရမှီခိုမှုကို လျှော့ချရန် လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူခဲ့ကြသည်။ တရုတ်ကလည်း အဆိုပါစွပ်စွဲချက်များကို အခြေအမြစ်မရှိဟု ငြင်းပယ်ခဲ့ကြောင်း Voices Against Autocracy ကဖော်ပြသည်။

ထို့ပြင် ဂျာမနီသည် တရုတ်၏ နယ်မြေပိုင်နက်ဆိုင်ရာရည်မှန်းချက်များ ကြီးထွားလာမှုကို ကိုးကားလျက် အင်ဒို-ပစိဖိတ်ဒေသအတွက် အင်အားထပ်မံပြသသည့်အဖြေင့် အနောက်နိုင်ငံများနှင့် ပူးပေါင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly